စစ်တောင်းမြစ် ရေတက်လို့ တောင်ငူမြို့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေကို မိုးဇလသတိပေး

အောက်တိုဘာ၊ ၁၅
 
စစ်တောင်းမြစ်ရေ တက်လာတဲ့အတွက် တောင်ငူမြို့မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေကို သတိပြုကြဖို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အောက်တိုဘာလ ၁၅ ရက် ဒီကနေ့မှာ သတိပေးထားပါတယ်။
 
ပဲခူးတိုင်း၊ တောင်ငူမြို့ရဲ့ စစ်တောင်မြစ်ရေမှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေအမှတ်ကို ရောက်ရှိနေပြီး နောက်ထပ် ၂၄ နာရီအတွင်း နှစ်လက်မခန့် မြင့်တက်လာနိုင်လို့ စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
 
ဒီလို ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဒေသတွင်း ကူညီကယ်ဆယ်ရေး အသင်းတွေအနေနဲ့ ဒေသခံတွေကို သတိပေးတာတွေသာ လုပ်ဆောင်နေပြီး ရွှေပြောင်းတာတွေ မလုပ်သေးဘူးလို့ ကူညီကယ်ဆယ်ရေး အသင်းတွေဆီက သိရပါတယ်။
 
“ လောလောဆယ် ရွှေ့ပြောင်းတာ မရှိသေးဘူး။ နှုတ်ခမ်းစပ် (ကမ်းစပ်)ကနေပြီးတော့ သိပ်ပြီးတော့ စိုးရိမ်စရာ မရှိသေးလို့ အသိပေးထားတဲ့ အနေထားပဲ ရှိတာပါ ” လို့ မြို့ခံကူညီကယ်ဆယ်ရေး အသင်းတခုက ပြောပါတယ်။
 
မကြာသေးခင်က ရန်ကုန်တိုင်းက မြို့နယ်တချို့အပါအဝင် မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့ ပဲခူးတိုင်းက ပဲခူးမြို့နဲ့ စစ်ကိုင်းတိုင်းက ရေဦးနဲ့ တန့်ဆည် စတဲ့ မြို့နယ်တွေမှာလည်း မိုးသည်းထန်စွာ ရွာသွန်းလို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။
 
အဲဒီအထဲမှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်ကစပြီး မိုးသည်းထန်စွာရွာလို့ ပဲခူးမြို့မှာ စိုးရိမ်ရေအမှတ်ကျော်လွန်ပြီး မြို့နယ်တခုလုံး ရေကြီးရေလျှံ ဖြစ်ခဲ့တာကြောင့် လူဦးရေ သုံးသောင်းနီးပါး ခိုလှုံရေးစခန်းတွေမှာ ယာယီနေထိုင်ခဲ့ကြရတာပါ။ 
 
ဓာတ်ပုံ – Social Media