ကျိုက်ထိုမှာ လက်နက်ကြီးကြောင့် အသက်ရှစ်ဆယ် အမျိုးသမီးသေဆုံး

အောက်တိုဘာ၊ ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ဒေါင်းတောင်ကျေးရွာအနီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အသက် ရှစ်ဆယ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။

“ အိမ်မှာ သူကလည်း တယောက်ထဲရှိတဲ့အချိန်ဆိုတော့၊ အသက်လည်း ကြီးပြီးဆိုတော့လေ မပြေးနိုင်လို့ ထိသွားတာ ”လို့ ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လက်နက်ကြီး ခြောက်လုံး ပစ်ခတ်ခဲ့ရာမှာ တလုံးဟာ အောက်အင်္ဂပိုကျေးရွာ၊ ခလွန်စုအပိုင်းက ဒေါ်တင်စိန်ရဲ့ နေအိမ်ပေါ် ကျပြီး သေဆုံးခဲ့တာပါ။

စစ်တပ်က အာဏာသိမ်းတဲ့အချိန်ကနေ သေဆုံးသူပေါင်း ၄,၁၃၁ ဦးမှာ အမျိုးသမီးပေါင်း ၆၁၃ ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က စက်တင်ဘာလ ၃၀ ရက်က ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်ဖွဲ့ဟာ စစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်ဖို့ ဒေါင်းတောင် ကျေးရွာနားမှာ ကင်းပုန်းဝပ်နေတုန်းမှာ အနောက်ဘက်ကနေ တိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲ ဖြစ်ပွားချိန်မှာ စစ်ကောင်စီတပ်က သုံးဦးထိပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က တောကျီးကန်းအဖွဲ့မှ ငါးဦးနဲ့ KNLA ဘက်မှ သုံးဦး စုစုပေါင်း ရှစ်ဦးဒဏ်ရာရခဲ့ပြီး နှစ်ဦးကတော့ စိုးရိမ်ရတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KFR) တာဝန်ရှိသူတဦးက ဆိုပါတယ်။

အဲဒီလို ထိတွေ့တိုက်ပွဲ ဖြစ်ချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်လို့ အသက်ရှစ်ဆယ်အရွယ် အမျိုးသမီး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ – CJ