အောက်တိုဘာ ၊ ၁၅
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လက်မှတ်ရေးထိုးထားတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ဟာ ဘယ်တော့မှ ပျက်ပြယ်သွားမှာမဟုတ်တဲ့ စာချုပ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ထပ်မံပြောဆိုပါတယ်။
နေပြည်တော်မှာ ဒီကနေ့ အောက်တိုဘာ ၁၅ ရက်မှာ ကျင်းပတဲ့ NCA စာချုပ် ချုပ်ဆိုခြင်း ရှစ်နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ စစ်ခေါင်းဆောင်က အခုလို ပြောသွားခဲ့တာပါ။
“ပြည်ထောင်စုလွှတ်တော်က Union Accord အဖြစ် အတည်ပြုပေးထားတဲ့ သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အခါမျှ ပျက်ပြယ်မှုမရှိဘဲ တည်တံ့နေမယ့် စာချုပ်ဖြစ်တာကြောင့် တပ်မတော်အနေနဲ့ NCA စာချုပ်အပေါ်မှာသာ အလေးထားဆောင်ရွက်သွားမည်” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒီချုပ်အစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ လားဟူဒီမိုကရက်တစ်အစည်းအရုံးနဲ့ မွန်ပြည်သစ်ပါတီတို့ကပါ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။
အရင်ကလည်း NCA စာချုပ်ပျက်ပြယ်မှာ မဟုတ်တဲ့အကြောင်း စစ်ခေါင်းဆောင်က ပြောဆိုထားဖူးပါတယ်။
ဒါ့အပြင် NCA စာချုပ်ဟာ အလွယ်တကူဖြစ်လာတာမဟုတ်ဘဲ ရက်ပေါင်း ၁,၄၅၀ အတွင်း တွေ့ဆုံဆွေးနွေးမှုအကြိမ်ရေ ငါးထောင် ကျော်အထိ ပြုလုပ်ပြီးမှ ပေါ်လာတဲ့ စာချုပ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ သုံးဖွဲ့ဖြစ်တဲ့ ကျောင်းသားတပ်မတော်(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ကတော့ စစ်အာဏာသိမ်းမှုဟာ NCA အခြေခံမူနဲ့ ရည်ရွယ်ချက်တွေကို ဖျက်ဆီးခြင်းခဲ့တယ်လို့ အခုလ ၁၂ ရက်က ပူးတွဲထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြည်သူတွေကို ထပ်ခါတလဲခဲ ပစ်မှတ်ထားတိုက်ခိုက်နေမှုတွေက NCA ပျက်ပြယ်မှုကို ပိုခိုင်မာစေတယ်လို့ အဲဒီသုံးဖွဲ့က ပြောဆိုထားပြီး ဒီကနေ့ပြုလုပ်တဲ့ NCA နှစ်ပတ်လည်အခမ်းအနားကိုလည်း သုံးဖွဲ့စလုံးက ကိုယ်စားပြု ကိုယ်စားလှယ်တွေ တက်ရောက်တာ မရှိပါဘူး။
“စာချုပ်စာတမ်းတခုက တဖက်ဖက်ကနေပြီးတော့ သစ္စာဖောက်သွားပြီ၊ ဖောက်ဖျက်သွားပြီဆိုရင် ဘယ်လိုမှ တည်ရှိနိုင်တော့မှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ ဒါက လုံးဝပျက်ပြယ်ပြီလို့ ပြောလို့ရတယ်” လို့လည်း KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာနီးက DNA ကို ပြောထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ NCA ပါ ကတိကဝတ်တွေကို စောင့်ထိန်းကြဖို့နဲ့ ပါဝင်လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့လည်း တွေ့ဆုံညှိနှိုင်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်လာကြဖို့ ပြောပါတယ်။
“နိုင်ငံရေး အယူအဆကွဲလွဲမှုတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်စွဲကိုင်ခဲ့ရာက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေရခြင်းသာဖြစ်ပါတယ်” လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကတော့ လက်ရှိပြည်တွင်းမှာဖြစ်နေတဲ့ လက်နက်ကိုင်တော်လှန်မှုတွေဟာ စစ်တပ်ကြောင့်သာ ဖြစ်လာတာလို့ ပြောပါတယ်။
“အခုဖြစ်နေတာက လက်နက်ကိုင် ပဋိပက္ခမဟုတ်ပါဘူး၊ စစ်တပ်က စစ်တပ်နေရာမှာ မနေဘဲနဲ့ အာဏာကိုမက်မောပြီးတော့ လက်နက်ကိုင်ပြီး အနိုင်ကျင့်လို့ ပြည်သူလူထုက တော်လှန်ခြင်းသာဖြစ်တယ်” ဦးမောင်မောင်ဆွေက ပြောပါတယ်။