မိုးကုတ်မြို့အနီး စစ်ကောင်စီတပ်နဲ့ TNLA သုံးရက်ဆက် တိုက်ပွဲဖြစ်ပွား

အောက်တိုဘာ ၊ ၁၅

မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ် မိုးကုတ်မြို့အနီး အခုလ ၁၂ ရက်ကနေ ၁၄ ရက်အထိ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ သုံးရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအောင်းတပ်မတော် TNLA ဘက်က ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက မိုးကုတ်မြို့ပေါ်ကနေလာတာ၊ ဒီမနက်အထိ (အောက်တိုဘာ ၁၅) တော့ အဲဘက်မှာ သူတို့ရှိတုန်းပဲ။ စစ်ရေးတင်းမာနေတုန်း” လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံက DNA ကို ပြောပါတယ်။

မိုးကုတ်မြို့နဲ့ လေးမိုင်ခန့်အကွာ ဖြူရောင်ကျေးရွာနဲ့ အထက်ညောင်ကုန်းရွာကြား မိုးကုတ်-ကျောက်မဲ ကားလမ်းမနဲ့ အနီးတဝိုက် တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

စစ်ကောင်စီတပ်ဘက်က အဲဒီနေရာတဝိုက်ကို အင်အား ၁၅၀ ကျော်လောက်နဲ့ ထိုးစစ်ဆင်လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ဖြူရောင်ကျေးရွာအနီး တပ်ချနေရာယူထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖြူရောင်ရွာအနီး တပ်ဆွဲထားတဲ့ အဲဒီစစ်ကောင်စီတပ်ဘက်က အထက်ညောင်ကုန်းနဲ့ အောက်ညောင်ကုန်းရွာဘက်ကို လက်နက်ကြီး ပစ်ခတ်တာတွေ မကြာခဏ လုပ်နေတယ်လို့ သိရပါတယ်။

“နှစ်ဖက်ထိခိုက်မှုတော့ ရှိတယ်၊ အတိအကျတော့ မသိရသေးဘူး” လို့ အထက်ပါ ရုံးတာဝန်ခံက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။

TNLA ဘက်ကတော့ အခု အောက်တိုဘာလ ၁၄ ရက်အထိ နှစ်ပတ်အတွင်းမှာပဲ စစ်ကောင်စီတပ်နဲ့ ၁၁ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

TNLA ဟာ တနိုင်ငံလုံးပစ်ခတ်တိုုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA )ဦးဆောင်တဲ့ အဖွဲ့ ခုနှစ်ဖွဲ့ ပါဝင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်လည်းဖြစ်ပါတယ်။