အောက်တိုဘာ၊ ၁၄
ပဋိပက္ခဒေသကပြည်သူတွေ၊ မိုင်းဒဏ်သင့် ပြည်သူတွေကို ကာကွယ်၊ကူညီပေးဖို့ အလွန်အရေးကြီးပြီး ပြည် တွင်း လူသားစာနာထောက်မှုဆိုင်ရာအဖွဲ့တွေကို ငွေကြေးနဲ့ လိုအပ်တဲ့အကူအညီတွေ တိုက်ရိုက်ပေးဖို့ ဦးကျော်မိုးထွန်း က ကုလသမဂ္ဂဆွေးနွေးမှုအစီအစဉ်တရပ်အတွင်း နိုင်ငံတကာကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။
နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စတုတ္ထကော်မတီ Assistance in Mine Action ခေါင်းစဉ်နဲ့ ဆွေးနွေးမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အဲဒီလို တိုက်တွန်းပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ မိုင်းကြွင်းမိုင်းကျန်တွေဟာ ပြည်သူတွေရဲ့ လုံခြုံရေး၊ ဘေးကင်း ရေးနဲ့ ကျန်းမာရေးအတွက် ဆိုးရွားတဲ့ အန္တရာယ်တခုဖြစ်ပြီး၊ မြန်မာစစ်တပ်ဟာ ၁၉၆၉ခုနှစ်ကစလို့ မြေမြှုပ် မိုင်း တွေ ဖြန့်ကျက်ရာမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတယ်လို့သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်ကျန်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ထိခိုက်၊သေဆုံးမှုဟာ စစ် တပ်အာဏာသိမ်းမှုစတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ၂၈၈ ဦး ရှိပြီး ၂၀၂၂ ခုနှစ်မှာတော့ ၃၉၀ ဦးအထိ မြင့်တက်ခဲ့တယ်လို့ ကုလ သမဂ္ဂအ ပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့(UNICEF)က ထုတ်ပြန်ထားပါတယ်။
လက်ရှိ ၂၀၂၃ ခုနှစ် ဇွန်လအထိ ခြောက်လတာအတွင်းမှာတော့ ၅၅၆ ဦးအထိ ထပ်တိုးခဲ့ပြီး မိုင်းကြောင့်ထိခိုက်ရ သူတွေရဲ့ သုံးပုံတပုံဟာ ကလေးငယ်တွေဖြစ်တယ်လို့လည်း UNICEF က ဆိုထားပါတယ်။
အဲဒီလို မိုင်းထိမှန်လို့ သေဆုံးခဲ့ကြရတဲ့ မိသားစုတွေနဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးလိုက်ကြရသူတွေရဲ့ မိသားစုတွေဟာ စားဝတ်နေရေးအကျပ်အတည်းတွေကို ကြီးကြီးမားမား ကြုံနေကြရတယ်လို့ ပြီးခဲ့တဲ့နှစ်တွေအတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ်က ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်း တွေနဲ့ ကာယကံရှင်တွေက ပြောကြပါတယ်။
“တောင်ကို သစ်ခုတ်ဖို့သွားလို့ မိုင်းထိတာ ခြေထောက်တဖက်မရှိတော့ဘူး၊ပညာလည်းမတတ်၊အလုပ်ကြမ်းပဲ လုပ် လာခဲ့တာဆိုတော့ အခု အဲဒီအလုပ်တွေလည်း မလုပ်နိုင်တော့ဘူးလေ၊စားဝတ်နေရေးက တော်တော်ကြီးကို အ ခက်အခဲရှိပါတယ်၊ဆေးရုံတက်နေတုန်းက အကြွေးတွေလည်း ရှိသေးတယ်”လို့ ၂၀၂၁ခုနှစ်အတွင်း မိုင်းနင်းမိလို့ ခြေတဖက်ဖြတ်လိုက်ရတဲ့ ရခိုင်ပြည်နယ် မြေပုံမြို့နယ်ဒေသခံ ကိုညီပုချေက ပြောပါတယ်။
မိုင်းကြောင့် ထိခိုက်ခဲ့ကြရသူတွေ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအပါအဝင် အစိုးရအနေနဲ့ စီမံကိန်း တွေ ချမှတ်၊ စနစ်တကျလုပ်ဆောင်ပေးကြဖို့ လိုအပ်ပြီး လက်တွေ့မှာ ခြေတု၊ လက်တု တပ်ပေးတာကလွဲလို့ ထိ ရောက်တဲ့ကူညီပေးမှုမျိုး မရှိသေးဘူးလို့ ရခိုင်ပြည်နယ်အတွင်း မိုင်းအသိပညာပေးလုပ်ဆောင်ခဲ့သူတဦးက ပြော ပါတယ်။
မိုင်းကင်းစင်ရေးဆောင်ရွက်ချက်ဟာ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်တွေဖြစ်ကြတဲ့ ဆင်းရဲမှု လျှော့ချရေး၊ စားနပ်ရိက္ခာဖူလှုံရေး၊ ကျားမတန်းတူ ညီမျှရေးစတဲ့ကိစ္စရပ်တွေ အကောင်အထည်ဖော်ရာမှာ အရေး ကြီးတယ်လို့လည်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလမှာ ပြောဆိုခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေကို ပဋိပက္ခဒဏ်သင့် ပြည်သူတွေဆီ ရောက်ရှိရေး ဆောင်ရွက်နေတဲ့အတွက် NUG အစိုးရကို ပံ့ပိုးကြဖို့လည်း သူကနိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါသေးတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကူညီရေးအဖွဲ့တွေဟာ မြန်မာပြည်တွင်း လူသားချင်းစာနာထောက်မှုဆိုင်ရာ အ ကူအညီတွေ ပေးကြတဲ့အခါမှာ အာဏာသိမ်းစစ်ကောင်စီဆီကနေတစ်ဆင့်ပဲ ပေးခွင့်ရကြပြီး ကယ်ဆယ်ရေး ပစ္စည်း သယ်ယူခွင့်နဲ့ ကူညီပေးခွင့်တွေလည်း ကန့်သတ်၊ ပိတ်ပင်ခံနေကြရတယ်လို့ ထုတ်ပြန်၊ ပြောဆိုထား ကြပါ တယ်။
မြန်မာစစ်တပ်ဆီ စစ်လက်နက်ပစ္စည်း၊ နည်းပညာပံ့ပိုးမှုတွေရပ်တန့်ဖို့ မြန်မာပြည်သူတွေက နိုင်ငံတကာ အသိုင်း အဝိုင်းကို အကြိမ်ကြိမ် ကျယ်ကျယ်လောင်လောင်တောင်းဆိုနေပေမယ့် မြန်မာစစ်တပ်ဟာ လက်နက်ပစ္စည်းတွေ ဆက်လက်လက်ခံရရှိ နေပြီး ပြည်သူတွေအပေါ် ရက်စက်မှုတွေ ပြုလုပ်နေတယ်လို့လည်း ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းစစ်တပ်ဟာ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် ပြည်သူ ၄၁ဝဝ ကျော်ကို သတ်ဖြတ်ခဲ့ပြီး နေအိမ် စုစု ပေါင်း ၇၅ဝဝဝ ကျော် မီးရှို့ဖျက်ဆီး ခဲ့သလို ၂ဝ၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း လေကြောင်းတိုက်ခိုက်မှု တလပျမ်းမျှအကြိမ် ၃ဝလောက်လုပ်နေ တယ်လို့ဆိုထားပါတယ်။