အောက်တိုဘာ ၊ ၁၄
ယူကရိန်း အရှေ့ပိုင်းက အချက်အခြာ မြို့တမြို့ကို ရုရှားက အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။
တကမ္ဘာလုံးက အစ္စရေးနဲ့ ဟားမားစ်တို့ကြားက စစ်ပွဲကို အာရုံ ရောက်နေတဲ့အချိန် ရုရှားတပ်တွေက အက်ဗ်ဒစ်ဗ်ကာမြို့ကို ဝန်းရံ လုပ်ကြံဖို့ ကြိုးစားနေတာလို့ ယူကရိန်း အစိုးရက ပြောပါတယ်။ လတ်တလောမှာ မြို့နားတဝိုက် တိုက်ပွဲတွေ အရှိန်မြင့်တက်နေပေမယ့် ကျူးကျော်သူ ရုရှားတပ်တွေက သိသာထင်ရှားတဲ့ ရှေ့တိုး ချီတက်နိုင်စွမ်းမျိုး လုံးဝ မရှိသေးဘူးလို့ ဆိုပါတယ်။
တိုက်ပွဲတွေ စတင်လာတာ အခုဆိုရင် ၄ ရက်လောက် ကြာမြင့်ခဲ့ပြီလို့ အောက်တိုဘာ ၁၃ ရက်မှာ အက်ဗ်ဒစ်ဗ်ကာမြို့ရဲ့ စစ်ရေး စီမံခန့်ခွဲမှုဌာန အကြီးအကဲ ဗီတာလီ ဘာရာဘက်ရှ်က ပြောပါတယ်။ တိုက်ပွဲတွေက အပြန်အလှန် လက်နက်ငယ်တွေ ပစ်ခတ်မှုအပြင် နှစ်ဖက်စလုံးက လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာတွေပါ ဖြစ်ပွားနေတယ်လို့ သူက ယူကရိန်း ရုပ်မြင်သံကြားကနေ အသိပေး ပြောကြားသွားပါတယ်။
အက်ဗ်ဒစ်ဗ်ကာဟာ ဒွန်းညက်စ်ခ် မြို့ကြီးနဲ့ မနီးမဝေးမှာ တည်ရှိနေပြီး ယူကရိန်း အရှေ့ပိုင်းက စစ်ဆင်ရေး အစီအမံတွေကို ကွပ်ကဲဖို့ ဒေသဆိုင်ရာ စစ်ဦးစီးဌာန စခန်းတခု သဘောမျိုး ရပ်တည်နေပါတယ်။ အခုသီတင်းပတ်ထဲမှာ ရုရှားတပ်တွေဟာ သူတို့မှာ ရှိသမျှ ရင်းမြစ်အားလုံးကို ပုံအောပြီး ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တာ ဖြစ်တယ်လို့လည်း ဘာရာဘက်ရှ်က ဆိုပါတယ်။
စစ်ပွဲရဲ့ အခြေအနေနဲ့ ထိခိုက်သေဆုံးမှုတွေကို အသေးစိတ် မသိရသေးပေမယ့် ရုရှားဖက်က သံချပ်ကာယာဉ်တွေ အနည်းဆုံး တဒါဇင်လောက် ပျက်စီးခဲ့ကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ သူ့တပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာကို ခိုင်ခိုင်မာမာ ဆက်လက် ထိန်းချုပ်ထားနိုင်ပြီး ရုရှားရဲ့ ကျူးကျော်မှုကို ထိထိရောက်ရောက် တွန်းလှန်နေကြောင်း ပြောကြားသွားပါတယ်။