စစ်တပ် အာဏာသိမ်းထားတဲ့ ဘာကီနာဖာဆိုမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးဖို့ ရုရှား စာချုပ်

အောက်တိုဘာ ၊ ၁၄

စစ်တပ် အာဏာသိမ်းထားတဲ့ ဘာကီနာဖာဆို နိုင်ငံမှာ နျူကလီးယား ဓာတ်အားပေး စက်ရုံတခု တည်ဆောက်ပေးဖို့ ရုရှားက သဘောတူ စာချုပ်လိုက်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ဘာကီနာဖာဆို စစ်တပ်ဟာ အရင်က နွေးထွေးဖူးတဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပျက်ပြားလာပြီး ရုရှားကို ပိုမို မှီခိုလာပါတယ်။ ပြည်တွင်း လျှပ်စစ်စွမ်းအင် ဖူလုံစေရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ရုရှား နည်းပညာသုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ သဘောတူ စာချုပ်လိုက်ခြင်းက ဘာကီနာဖာဆို စစ်အစိုးရဟာ ရုရှားနဲ့ ဆက်ဆံရေးကို ခပ်မြန်မြန် မြှင့်တင်နေတဲ့ နောက်ဆုံး ခြေလှမ်းသစ်တခု ဖြစ်လာပါတယ်။

ဘာကီနာဖာဆို စစ်တပ်ဟာ မနှစ်က အာဏာသိမ်းလိုက်ပြီး ကတည်းက စီးပွားရေးဆိုင်ရာ အမှီအခိုတွေမှာ ရုရှားကို ပိုမို အားကိုးလာခဲ့တာ ဖြစ်ပါတယ်။ 

ဘာကီနာဖာဆိုဟာ လူဦးရေ အချိုးအစားနဲ့ ယှဉ်ရင် ကမ္ဘာပေါ်မှာ လျှပ်စစ်ဓာတ်အား ရရှိမှု အနည်းဆုံး နိုင်ငံတခုဖြစ်ပြီး စုစုပေါင်း လူဦးရေရဲ့ ၂၁ ရာခိုင်နှုန်းသာ ဓာတ်အား ရရှိပါတယ်။

ဇူလိုင်လတုန်းက ဘာကီနာဖာဆို အာဏာသိမ်းစစ်တပ် အကြီးအကဲ ဗိုလ်ကြီး အီဘရာဟင် ထရာအိုရေးရဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ မော်စကိုမှာ ကျင်းပတဲ့ ရုရှား-အာဖရိက ထိပ်သီးညီလာခံမှာ ဆွေးနွေးခဲ့တဲ့ ရလဒ်အနေနဲ့ အခု သဘောတူညီမှု စာချုပ်ကို ချုပ်ဆိုခဲ့တာပါ။

ထရာအိုရေးက ဘာကီနာဖာဆိုမှာ နျူကလီးယား ဓာတ်အားပေး စက်ရုံတခု တည်ဆောက်ပြီး နိုင်ငံရဲ့ ဓာတ်အား လိုအပ်ချက်ကို ကူညီ ဖြည့်တင်းပေးဖို့ ပူတင်ကို ပန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီ ပရောဂျက်ကို အပြည့်အဝ အကောင်အထည်ဖော် လည်ပတ်နိုင်ရင် ၂၀၃၀ ပြည့်နှစ်မှာ မြို့ပြ လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းနဲ့ ကျေးလက် လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းထိ ဓာတ်အား ရရှိဖို့ ဘာကီနာဖာဆို စစ်အစိုးရက မျှော်လင့်နေပါတယ်။ 

နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ပရောဂျက်ရဲ့ ရေရှည် အကျိုးအမြတ်တွေကို ဘယ်လို ခွဲဝေယူမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ အမေရိကန်ရဲ့ အဆိုအရ ဘာကီနာဖာဆိုဟာ လက်ရှိ အချိန်မှာတောင် အာဖရိကတိုက်ရဲ့ ဓာတ်အားခ အများဆုံး စာရင်းဝင် နိုင်ငံတခုအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။