ဓားစာခံ ကယ်ဆယ်ရေး မစ်ရှင်တွေမှာ အစ္စရေးကို ကူညီဖို့ အမေရိကန် ကွန်မန်ဒိုတွေ အသင့်ပြင်ထား

အောက်တိုဘာ ၊ ၁၄

ဓားစာခံ ကယ်တင်ရေး မစ်ရှစ်တွေမှာ လိုအပ်လာရင် အစ္စရေးကို ချက်ချင်း ကူညီနိုင်ဖို့ အမေရိကန် အထူး ကွန်မန်ဒိုတွေက အသင့်အနေအထား ပြင်ဆင်ထားကြောင်း သိရပါတယ်။

အောက်တိုဘာ ၇ ရက်က ပါလက်စတိုင်းနယ်မြေ ဂါဇာ ကမ်းမြှောင်ဒေသမှာ အခြေစိုက်တဲ့ ဟားမားစ် ပြောက်ကျား တပ်ဖွဲ့တွေဟာ အစ္စရေး နယ်စပ်ကို ကျူးကျော်ပြီး အစ္စရေး ပြည်သူ ထောင်ဂဏန်းလောက်ကို သတ်ဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် ရာဂဏန်းလောက်ကိုလည်း ဓားစာခံတွေအဖြစ် ဖမ်းဆီးပြီး ဂါဇာဖက်ကို အဓမ္မ ခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီ အဖမ်းခံထားရတဲ့ ဓားစာခံတွေရဲ့ ကံကြမ္မာကို တိတိကျကျ မသိရသေးပါဘူး။ ဟားမားစ်တွေက အစ္စရေးရဲ့ စစ်ဆင်ရေးတွေ အရှိန်မြှင့်လာရင် သူတို့လက်ထဲက ဓားစာခံတွေကို သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

အခု သီတင်းပတ်ကုန်မှာတော့ အစ္စရေးရဲ့ အဓိက စစ်မဟာမိတ်ဖြစ်တဲ့ အမေရိကန် နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ညာဟူနဲ့ တွေ့ဆုံ ဆွေးနွေးဖို့အတွက် တဲလ်အဗစ်ဗ်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ဘလင်ကန်က တဲလ်အဗစ်ဗ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့ အခါမှာ လက်ရှိ အစ္စရေး ကြုံနေတဲ့ ဓားစာခံ ပြဿနာဟာ အဆိုးရွားဆုံး အကျပ်အတည်း တခုလို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။ အမေရိကန်ဟာ စစ်ပွဲစတင်ပြီး မကြာခင်မှာပဲ မြေထဲပင်လယ်ကို လေယာဉ်တင် သင်္ဘောတစီး ဦးဆောင်တဲ့ တိုက်ခိုက်ရေး ရေယာဉ်အုပ်စုကို စေလွှတ်ထားခဲ့ပါတယ်။

ပြီးတော့ အမေရိကန်ရေတပ်ရဲ့ လေ့ကျင့်သား အပြည့်ဝ အထက်မြက်ဆုံး ကွန်မန်ဒိုတွေဖြစ်တဲ့ Seal အဖွဲ့သားတွေကလည်း ဓားစာခံ ကယ်ဆယ်ရေး မစ်ရှင်တွေမှာ အစ္စရေးက အကူအညီ တောင်းလာတာနဲ့ အားဖြည့်ဖို့ အသင့်အနေအထား ရှိနေတယ်လို့ ဘလင်ကန်က ဆိုပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကလည်း အစ္စရေး ကာကွယ်ရေးတပ် (IDF)နဲ့ အမေရိကန်ရဲ့ Sealနဲ့ Delta Force ကွန်မန်ဒိုတွေဟာ ဓားစာခံ ကယ်တင်ရေး မစ်ရှင်တွေအတွက် နီးနီးကပ်ကပ် ညှိနှိုင်း လုပ်ဆောင်နေကြတယ်လို့ အတည်ပြုသွားပါတယ်။ 

အစ္စရေးဟာ ဟားမားစ်တွေရဲ့ ကျူးကျော်မှုကို တုံ့ပြန်ဖို့ စစ်ကြေညာခဲ့တဲ့နောက် ပြည်တွင်း ပြည်ပက အရန်တပ်ဖွဲ့ဝင် ၄ သိန်းနီးပါးလောက်ကိုလည်း ပြန်လည် စုစည်း ခေါ်ယူထားပြီး အမြဲတမ်း စစ်တပ်ကို ပူးပေါင်း အားဖြည့်ထားစေကြောင်းလည်း သိရပါတယ်။