အောက်တိုဘာ၊ ၁၄
လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရပြီးနောက် အပျက်အစီးပုံထဲကနေ သယ်ထုတ်လာဟန်ရှိသည့် အသက်မဲ့နေသော ကလေးလေးတစ်ယောက်ဓာတ်ပုံ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
ထိုကလေးလေးပုံကို ကျွန်တော် စူးစိုက်စွာကြည့်နေမိသည်။ ဘယ်လိုစိတ်မျိုးနှင့်များ ယခုလိုရက်ရက်စက်စက် လုပ်ရက်ကြသလဲဟုလည်း အကြိမ်ကြိမ်မေးခွန်းထုတ်နေမိသည်။ ဒီမေးခွန်းကတော့ လူ့အသိရှိပြီး လူသားဆန်သူတိုင်း ထုတ်မိကြမည့် မေးခွန်းဖြစ်သည်။ အာဏာငန်းဖမ်းနေသူတို့ကြားတွင်မူ ထိုမေးခွန်း၏ အဓိပ္ပာယ်ကိုပင် နားလည်ကြမည်မဟုတ်ပေ။
ကျွန်တော် စူးစိုက်ကြည့်နေစဉ်မှာပင် အနှီကလေးငယ်ကလေးသည် ခေါင်းလေးလှုပ်၊ မျက်လုံးလေးပွင့်လာပြီး ကျွန်တော့်အား ကြည့်ကာ မေးခွန်းတချို့မေးလာသည်။
“ ဦးဦး ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲ ”
ကျွန်တော် ခေါင်းကို တွင်တွင်ခါယမ်းပြလျက် “ မရှိပါဘူး ”ဟု တစ်ခွန်းတည်းသာ ဖြေနိုင်သည်။ ထိုအခါ ဒုတိယမေးခွန်းကို သူက ဆက်မေးသည်။
“ ဒါဆို သူတို့က သားတို့ကို ဘာဖြစ်လို့ အခုလို ရက်ရက်စက်စက် သတ်ပစ်ရက်တာလဲ ”
ကျွန်တော် အတော်လေး ဆို့နင့်သွားခဲ့သည်။ လည်မျိုဝသို့ တက်လာသော တစ်ဆို့ဆို့အလုံးကြီးအား အတင်းမျိုချလိုက်ပြီးနောက် အဖြေစကားဆိုမိသည်။
“ အော်…ကလေးရယ်။ သူတို့ စလာတုန်းကလည်း ပြောခဲ့ဖူးတယ်မဟုတ်လား။ မလုပ်ရဲတာ ဘာမှမရှိဘူးတဲ့လေ။ အဲဒီတော့ သူတို့စကားကို တည်အောင် ကြံဆောင်တယ်လို့ပဲ မှတ်လိုက်ပါ ”
မုန်လိုင်ခက်ကလေးငယ်လေးကို အဖြေပေးနေစဉ်မှာပဲ အောက်ကနေ ကျွန်တော့်ညာဘက်လက်ကို တစ်စုံတစ်ဦးက လှမ်းဆွဲလိုက်တာကြောင့် ငုံ့ကြည့်လိုက်မိသည်။ ထိုအခါ ကျောပိုးအိတ် ခရမ်းရောင်လေးကို လွယ်ပိုးထားသော (၇)နှစ်အရွယ် သမီးငယ်လေးအား မျက်နှာမသာမယာဖြင့် တွေ့လိုက်ရသည်။
“ ဦးဦး သမီးကို မှတ်မိသေးလား။ ဟိုးတလောတုန်းက လိုင်းပေါ်မှာ အခုမုန်လိုင်ခက်က ကလေးလေးလိုပဲ လူအများသိခဲ့တဲ့ တစ်ယောက်လေ ”
“ မှတ်မိတာပေါ့ သမီးရယ်။ ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်တဲ့ ဖြစ်စဉ်ကြီးထဲမှာ သမီးတို့က ရင်နာစရာ ဇာတ်ရုပ်တွေအဖြစ် ပါဝင်အသုံးတော်ခံခဲ့ကြရတာပဲ ”
အနှီသမီးငယ်လေးကိုကြည့်လျက် ကျွန်တော်အဖြေစကားဆိုမိသည်။ ထိုအခါ သမီးငယ်က ဆက်မေးလာသည်။
“ သူ့လိုပဲ သမီးလည်း မေးချင်တာရှိလို့ပါ။ သမီးတို့ကိုရော သူတို့က ဘာလို့ ရက်ရက်စက်စက်သတ်ပစ်ကြတာလဲ။ သမီးတို့မှာရော ဘာအပြစ်ရှိလို့လဲ။ သမီးတို့က ကိုယ့်ဖာသာ စာသင်နေတာလေ ”
“ သမီးတို့အပြစ်ကတော့ အာဏာရူးမိစ္ဆာတွေ ရှင်သန်ရာအရပ်မှာ လွဲမှားစွာ လူလာဖြစ်တာပါပဲ ”
ကျွန်တော်၏ အဖြေစကားကို ကြားပြီးနောက် သမီးငယ်က မေးခွန်းတစ်ခု ထပ်ထုတ်လာပြန်သည်။
“ သူတို့က ဘာလို့ အာဏာရူးကြတာလဲဟင် ”
“ ထိုင်ခုံမက်လို့ပေါ့ သမီးရယ် ”
ထိုသို့သာ တိုတိုတုတ်တုတ်ပြန်ဖြေဖြစ်လိုက်သည်။ ထိုအခါ သမီးငယ်က
“ ထိုင်ခုံလိုချင်တာနဲ့များ သမီးတို့ကို အခုလို လေယာဉ်နဲ့ရော မြေပြင်ကပါ ရက်ရက်စက်စက် ပစ်သတ်ရက်ကြတယ်လို့။ စောစောကပြောရောပေ့ါ။ သမီးတို့ရဲ့ အဲဒီကျောင်းလေးထဲမှာ ထိုင်ခုံအပိုတွေ ရှိတယ်လေ။ လာတောင်းပေါ့ ”
သမီးငယ်၏ ပြောစကားကို ကြားပြီးနောက် လည်ပင်းအောက်ရောက်နေရစ်သော စောစောကတစ်ဆို့ဆို့အလုံးကြီး လည်မျိုဝသို့ ပြန်တက်လာခဲ့ပြန်သည်။ သမီးလေးကတော့ သူသိချင်သည့် မေးခွန်းများ မေးပြီးနောက် သူ၏ကျောပိုးအိတ် ခရမ်းရောင်လေးကို လွယ်ပိုးကာ ကျောခိုင်းထွက်ခွာသွားချေပြီ။
“ သူတို့ တပ်မက်တဲ့ ထိုင်ခုံဟာ သမီးတို့လို ဖြူစင်တဲ့ လူသားတွေ အသုံးပြုရာ သန့်ရှင်းတဲ့ ထိုင်ခုံကို မဟုတ်ဘူးသမီး။ သူတို့ လိုချင်တာ အဂတိတရားတွေ လွှမ်းခြုံနေတဲ့ ထိုင်ခုံ၊ အာဏာနဲ့ အုပ်စီးအနိုင်ကျင့်နိုင်မယ့် ထိုင်ခုံပဲ ” ဟုသာ တစ်ကိုယ်တည်း တီးတိုးပြောဆိုမိတော့သည်။
“ ဦးဦးရယ် သားတို့ကို သူတို့ အဲဒီလောက်ထိ လုပ်ရအောင် သားတို့က ကျိုက်ထီးရိုးသေနတ်နဲ့ စစ်တိုက်တမ်းတောင် ဆော့မနေကြပါဘူး။ သားတို့လက်ထဲက ခဲတံတွေကလည်း စာရေးဖို့အတွက်လောက်ပဲ အသုံးဝင်တာပါ ”
ကျွန်တော့်အနားတွင် ခုဏက သမီးငယ်လေးတစ်ဦးပဲ ရှိသည်ထင်မှတ်နေရာမှ အသံတစ်သံ ထပ်ထွက်လာသဖြင့် လန့်သွားကာ အသံလာရာဆီ ကြည့်မိလိုက်သည်။ “ မောင်ဘုန်းတေဇ ” ဟု အမည်ရေးထိုးထားသည့် သွေးစွန်းစုတ်ပြဲ နေသည့်စာအုပ်ကလေးကို ရင်ဝယ်ပိုက်ထားသော သားငယ်လေး ဖြစ်နေသည်။ အနှီသားငယ်လေးသည်လည်း ထိုစကားကိုသာ ပြောဆိုပြီးနောက် ကျောခိုင်းကာ ထွက်ခွာသွားပြန်သည်။
ထိုသို့ ကျောခိုင်းထွက်ခွာသွားသော သားငယ်နှင့် သမီးငယ်တို့အား ငေးမောကြည့်လျက် ကိုယ့်အတွေးနှင့်ကိုယ် ရှိနေစဉ် “ ဦးဦးရေ၊ ဦးဦးရေ ” ဟူသည့်အသံ သေးသေးစူးစူးများ နားထဲဝင်လာပြန်သဖြင့် အာရုံကို ပြန်လည်စုစည်းကာ အသံလာရာဆီ ကြည့်မိပြန်သည်။ ကျွန်တော်၏ ရှေ့တွင် ကလေးငယ်တချို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရ သည်။
“ သားတို့၊ သမီးတို့ကိုရော မှတ်မိလားဗျ။ ပဇီကြီးရွာကလေ ”
ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။ သူတို့ လက်လေးများထဲတွင် စားဖွယ်ပန်းကန်လေးများကို အသင့်ကိုင်လျက်သားနှင့်ဖြစ်သည်။ ထိုကလေးများနောက်တွင်လည်း အခြားသော ကလေးငယ်များ စီတန်းရောက်နေကြသည်ကို တွေ့ရသည်။ တစ်မျှော်တစ်ခေါ်၊ မျက်စိတစ်ဆုံးအထိ ရှိသည်။ ရှိပေမှာပေါ့။ အာဏာရူး လူတစ်စု အာဏာသိမ်း ကာလနှစ်နှစ်ကျော် သုံးနှစ်အတွင်း သင်းတို့သတ်လို့ သေခဲ့ရသည့် ကလေးငယ် စုစုပေါင်း အယောက် ၄၉၀ ကျော်၊ ၅၀၀ နီးပါး ရှိခဲ့ပြီလေ။ အနှီကလေးငယ်များသည် အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ သေနတ် စသည့်လက်နက်မျိုးစုံဖြင့် ရက်စက်ယုတ်မာစွာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် ကလေးငယ်များ ဖြစ်သည်။
ခဲတံကိုင်သည့်လက်၊ ဘောလ်ပင်ကိုင်သည့်လက်ကလေးများကို လက်နက်မျိုးစုံသုံးကာ သတ်ဖြတ်ပစ်ရဲကြသည့် အာဂသတ္တိအထူးရှိသော ကျည်ကာအင်္ကျီဝတ် လက်နက်ကိုင် သူရဲကောင်းကြီးများ၏ သမိုင်းဝင်လုပ်ရပ်ပင် ဖြစ်ချေသည်။ “ မလုပ်ရဲတာ ဘာမှမရှိဘူး ” ဆိုသူတို့၏ မှတ်ကျောက်တင်စရာ စွမ်းဆောင်မှုကြီးများပင်ဖြစ်သည်။
အနှီကလေးငယ်များ မိမိထံရောက်ရှိလာခဲ့သည်မှာလည်း အထက်တွင်တွေ့ဆုံခဲ့သော သားငယ်၊ သမီးငယ်တို့ မေးခဲ့သည့် “ သားတို့၊ သမီးတို့မှာ ဘာအပြစ်ရှိလို့ အခုလို လူမဆန်ရက်စက်စွာ သတ်ဖြတ်ခြင်း ခံရတာလဲ ” ဆိုသည့် မေးခွန်း မေးရန်အတွက်ပင် ဖြစ်မည်။ ထိုအတွက် အဖြေသည်ကား တစ်ခုတည်းသာ ရှိသည်။
မတရားသဖြင့် ရယူထားသည့် အာဏာအတွက်၊ ထိုင်ခုံအတွက် “ မလုပ်ရဲတာ ဘာမှမရှိဘူး ” ဆိုသည့်စကားကို သက်သေထူပြနေခြင်းသာ ဖြစ်သည်ဆိုသော အဖြေထက် ပို၍ပြည့်စုံသည့်အဖြေ မရှိပြီ။
“ သင်းတို့ကို စစ်မိစ္ဆာ၊ အာဏာရှင်၊ အာဏာရူး စသဖြင့် အမျိုးမျိုးခေါ်ဆို၊ သုံးနှုန်း၊ သတ်မှတ်လို့ရပါတယ် သားတို့၊ သမီးတို့။ သင်းတို့အတွက် တားမြစ်ထားချက် အသုံးအနှုန်း တစ်ခုပဲရှိပါတယ်။ သင်းတို့ကို ဘယ်ကဲ့သိုသော ဓာတ်ခွဲခန်းမှာပဲ ဓာတ်ခွဲစမ်းသပ် အဖြေထုတ်ပါစေ လူအဆင့်မီကြောင်း အဖြေထွက်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် သင်းတို့ကို လူလို့ သုံးနှုန်းခွင့် မရှိပါဘူး ”
ထုံးစံအတိုင်း ထိုစကားများကိုလည်း မိမိတစ်ဦးတည်းသာ တီးတိုးရေရွတ်နေမိသည်။ သားတို့၊ သမီးတို့ကတော့ စစ်မိစ္ဆာရိုင်းတို့ ရှင်သန်ရာ မြေကို ကျောခိုင်းကာ ငြိမ်းချမ်းရာအရပ်ဆီ ဦးတည်ခရီးဆက်ကြလေပြီ။
ကိုရင်နွေဦး