တံခါးပေါက် ဘယ်ဘက်မှာထားတဲ့ ပဲခူးခရီးသည်တင်ကားတွေ ရန်ကုန်ဝင်ခွင့်မပေးဘူးလို့ ကန့်သတ်

အောက်တိုဘာ၊ ၁၃
 
ရန်ကုန်-ပဲခူး ပြေးဆွဲတဲ့ ခရီးသည်တင် မီနီဘတ်စ်ကားတွေထဲက လက်ဝဲဘက်မှာ အတက်အဆင်း တံခါးပေါက် ထားရှိတဲ့ ကားတွေကို ရန်ကုန်တိုင်းထဲ ဝင်ခွင့်မပေးတော့ဘူးလို့ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)က ကန့်သတ်လိုက်တာကြောင့် အခက်ကြုံနေကြရတယ်လို့ ယာဥ်ပိုင်ရှင်တချို့က ပြောပါတယ်။
ခရီးသည် အတက်အဆင်းတံခါးပေါက်ကို ယာဉ်ရဲ့ဘယ်ဘက်မှာ တပ်ဆင်အသုံးပြုနေတဲ့ ပဲခူးအဝေးပြေးကားတွေကို အောက်တိုဘာ ၁၉ ရက်ကစလို့ ရန်ကုန်တိုင်းအတွင်း ဝင်ခွင့်ပြုတော့မှာမဟုတ်ဘူးလို့ YRTC က ဆိုပါတယ်။
 
ဒါကြောင့် အဲဒီယာဥ်အမျိုးအစား ပိုင်ထားတဲ့သူတွေအနေနဲ့ တံခါးပေါက်တွေ ပြင်ဆင်ပြောင်းလဲရမှာဖြစ်သလို ယာဥ်မှတ်ပုံတင်ရာမှာ ကွဲလွဲမှုဖြစ်မှာကို စိုးရိမ်နေကြတယ်လို့ ယာဥ်ပိုင်ရှင်တဦးက ဆိုပါတယ်။
“ သတ်မှတ်ကာလက သိပ်မလိုတော့ဘူးဆိုတော့ ကားတွေ ဘော်ဒီရုံထိုးရတော့မယ့်အနေအထား ဖြစ်သွားတယ်၊ ယာဥ်လိုင်စင်သက်တမ်းတိုးရင် တံခါးပေါက်ပြောင်းလို့ဆိုပြီး ပြသနာတက်မှာလည်း စိုးရသေးတယ် ” လို့ သူကပြောပါတယ်။
လက်ရှိမှာ ပဲခူးနဲ့ ရန်ကုန်ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ခုနစ်ခုရှိပြီး အဲဒီယာဉ်လိုင်းတွေမှာ ပြေးဆွဲနေတဲ့ အဝေးပြေးကားအများစုဟာ မီနီဘတ်စ်တွေဖြစ်သလို အတက်အဆင်း တံခါးပေါက် ညာဘက်မှာပဲ ထားတဲ့ကားက အများစုဖြစ်တယ်လို့ ယာဉ်လိုင်းပိုင်ရှင်တွေနဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။
ရန်ကုန်-ပဲခူး လမ်းပိုင်းမှာ အရင်က ဟိုင်းလတ်ယာဥ်တွေနဲ့ ခရီးသည်တင် ပြေးဆွဲနေတာဖြစ်ပြီး ၂၀၁၄ ကစလို့ မီနီဘတ်စ်တွေနဲ့ အစားထိုးခဲ့တာလို့ မီနီဘတ်စ်ယာဥ်မောင်တဦးက ပြောပါတယ်။ လက်ရှိမှာတော့ အဲဒီလမ်းပိုင်းမှာ မီနီဘတ်စ်စီးရေ ရာချီ ပြေးဆွဲနေတာလို့ သိရပါတယ်။
“ အားခြင်း ပြောင်းပြောင်းဆိုတော့ ပြောင်းကြတာပေါ့၊ အခုလို ကန့်သတ်ချက်လည်းရှိတာမဟုတ်တော့ ယာဥ်ပိုင်တွေကရရာကား ဝယ်ထည့်ဆွဲရင်း အခုလို ဘယ်ပေါက်၊ ညာပေါက်ပြသနာတွေ ဖြစ်လာတာ ” လို့ သူကရှင်းပြပါတယ်။
ဘယ်ဘက်မှာ အတက်အဆင်းတံခါးပေါက် ထားရှိအသုံးပြုနေတာဟာ လက်ရှိမြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ လက်ယာကပ်မောင်းစနစ်နဲ့ မကိုက်ညီသလို ခရီးသည်တွေအတွက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တွေလည်း ဖြစ်လာနိုင်တယ်လို့ YRTC ကဆိုပါတယ်။
ပဲခူးမြို့ခံ ခရီးသွားတဦးကတော့ ဘက်ဘက်တံခါးပေါက်ရှိတဲ့ ကားတွေ အသုံးပြုတဲ့အခါ လမ်းမတွေပေါ်ကနေ အတက်အဆင်းလုပ်ရလို့ ယာဉ်အန္တရာယ်သတိထားရပြီး စိတ်မချရဘူးလို့ သူ့အမြင်ကိုပြောပါတယ်။