မြဝတီ-ကောကရိတ်လမ်းမှာ ဆက်ကြေးကောက်တဲ့ စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ

အောက်တိုဘာ ၊ ၁၃
 
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီ-ကော့ကရိတ်အာရှ လမ်းမကြီးပေါ်မှာ ဆက်ကြေးကောက်ခံနေတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို အောက်တိုဘာလ ၁၁ ရက်၊ ညနေ ၃ နာရီခွဲလောက်က တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
 
” အတိအကျပြောရရင် ကျနော်တို့နေရာနဲ့က သူတို့ရဲ့ မီတာ လေးရာကျော်ပေါ့ဗျာ။ 338 Sniper နဲ့ဆို ပစ်လို့ အကောင်းဆုံးအနေအထားလေ ” လို့ ဒေါနစစ်ကြောင်း ဒုစစ်ကြောင်းမှူး ရဲဘော်ကျော်ဇောက DNA ကိုပြောပါတယ်။
 
အင်အား နှစ်ဆယ်ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ငါးတန်တံတား စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက စနိုက်ပါနဲ့ ပတ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့တယ်လို့ ရဲဘော်ကျော်ဇော်က ဆိုပါတယ်။
 
စစ်ကောင်စီတပ်သား သေဆုံးမှုနဲ့ပတ်သတ်ပြီး DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဂိတ်ဟာ မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ် ဖြတ်သန်းသွားတဲ့ ယာဉ်တွေကို ဆက်ကြေးကောက်ခံနေလို့ အခုလို သွားရောက်တိုက်ခိုက်ခဲ့တာလို့လည်း ဒေါနစစ်ကြောင်း ဒုစစ်ကြောင်းမှူး ရဲဘော်ကျော်ဇောက ဆိုပါတယ်။
 
တိုက်ပွဲချိန် ၁၅ မိနစ်ဝန်းကျင်ခန့်မှာ စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ လာနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။
 
အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃)၊ ဒေါနစစ်ကြောင်းနဲ့ KNLA မဟာမိတ်ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
 
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲဒီ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးရှိ ငါးတန်ဂိတ်ကို အင်အားဖြည်းတင်းနေတာတွေ လုပ်ဆောင်နေပြီး ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာ ဘက်ကို စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
 
ဓာတ်ပုံ – ဒေါနစစ်ကြောင်း