လှည်းကူး မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတချို့မှာ ရေကြီးရေလျှံမှု ရှိနေဆဲ

အောက်တိုဘာ၊ ၁၃
 
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က မြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာတချို့မှာ အောက်တိုဘာ ပထမပတ်ကနေ ဒီကနေ့ ၁၃ ရက်အထိ ရေကြီးရေလျှံမှုတွေ ဖြစ်နေဆဲဖြစ်တယ်လို့ အကူအညီပေးသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
 
” နှစ်ရက် မိုးမရွာတော့ နည်းနည်းတော့ ကျသွားတယ်။ ဒါပေမယ့် တချို့နေရာတွေမှာဆို ပေါင်ရင်း၊ ခါးလောက်အထိ ရေမြုပ်နေတုန်းပဲ။ တော်တော်များများတော့ ဒူးခေါင်းမြုပ်တယ် ” လို့ လှည်းကူးမြို့ခံတဦးက DNA ကို ပြောပါတယ်။
 
လှည်းကူးမြို့နယ်အတွင်းမှာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး လက်ရှိအချိန်ထိ ဒေသခံထောင်ချီ အစားအသောက်နဲ့ သောက်သုံးရေ အကူအညီ လိုအပ်နေဆဲဖြစ်တယ်လို့ အကူအညီပေးသူတွေက ဆိုပါတယ်။
 
လှည်းကူးမြို့ကို ဖြတ်သန်းစီးဆင်းတဲ့ ငမိုးရိပ်ချောင်း ရေလျှံနေတာကြောင့် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရိပ်သာ၊ မြို့မ၊ အောင်မင်္ဂလာ၊ ပြည်တော်သာ၊ စျေးပိုင်း ရပ်ကွက်တွေမှာ ရေကြီးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
 
အလားတူပဲ ငမိုးရိပ်ချောင်း ဘေးနားတလျှောက် ရွာတွေဖြစ်တဲ့ အဝိုင်း၊ မလစ်၊ လက်ပန်၊ မုဆိုးညောင်ပင်၊ ဘိုးရင်ကလေး၊ စခန်းကြီး၊ စာဘူးတောင်း၊ ကလီထော်၊ ဖောင်ကြီး စတဲ့ကျေးရွာတွေမှာလည်း လက်ရှိအချိန်ထိ ရေကြီးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
 
” ဒီရေတက်တဲ့ရက်တွေဖြစ်တော့ ချောင်းရေလည်း မကျတာ၊ ဆည်(ငမိုးရိပ်ဆည်)က ကျလာတာလည်း ရှိမယ် ” လို့ ရေဘေးအကူအညီပေးနေသူတဦးက ပြောပါတယ်။
 
လက်ရှိမှာတော့ မြို့ပေါ် ရပ်ကွက်တွေနဲ့ မြို့ပေါ် ယာယီရေဘေးရှောင်စခန်းတွေက မြို့ခံတွေအနေနဲ့ ရေဘေးကူညီကယ်ဆယ်ရေး အကူအညီ ရရှိနေပေမယ့် ကျေးရွာတွေဘက်မှာတော့ အကူအညီရရှိမှု နည်းပါးနေတယ်လို့လည်း သူက ပြောပါတယ်။
 
အခုလို ရေကြီးနေတာကြောင့် သွားရေးလာရေး ခက်ခဲနေသလို အစားအသောက်အတွက်လည်း အခက်ကြုံနေရတယ်လို့ သိရပါတယ်။
 
” မီးလည်း မလာတော့ သောက်ရေ၊ သုံးရေလည်း အခက်အခဲ ဖြစ်နေတယ်၊ ပရဟိတအသင်းတွေ မီးစက်နဲ့ ရေလိုက်မောင်းပေးနေတာတွေ ရှိတယ်၊ ရှစ်ဆယ် ရာခိုင်နှုန်းလောက်ကတော့ (မြို့ပေါ်) မီးပျက်နေတယ် ” လို့ အထက်ပါ လှည်းကူးမြို့ခံက ပြောပါတယ်။
 
ဓာတ်ပုံ – Hlegu Information Centre