အဓိက မြို့ကြီးနှစ်ခုက လေဆိပ်တွေကို အစ္စရေးက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆီးရီးယားစွပ်စွဲ

အောက်တိုဘာ၊ ၁၃

အစ္စရေးရဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကြောင့် မြို့ကြီးနှစ်မြို့က အဓိက လေဆိပ်တွေ ယာယီ ပိတ်ထားခဲ့ရတယ်လို့ ဆီးရီးယား အစိုးရက ထုတ်ပြန်ပါတယ်။

ဒမတ်စကက်နဲ့ အလက်ပို မြို့တွေက လေဆိပ်တွေကို အောက်တိုဘာ ၁၂ ရက်မှာ အစ္စရေးက ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေ ထိမှန်ခဲ့တယ်လို့ ဆီးရီးယား အစိုးရပိုင် မီဒီယာက စွပ်စွဲ ကြေညာခဲ့ပါတယ်။ လေယာဉ် ပြေးလမ်းတွေ ပျက်စီးကုန်တာကြောင့် လေဆိပ်နှစ်ခုလုံးကို ပိတ်ထားရကြောင်း၊ ဆီးရီးယားဆီ ဦးတည်ပျံသန်းတဲ့ ခရီးစဉ်တွေကို နိုင်ငံ အနောက်မြောက်ပိုင်းက လာတာကီရာမြို့ဆီ လမ်းကြောင်းပြောင်း ဆင်းသက်ဖို့ ညွှန်ကြားထားရကြောင်း ဆီးရီးယား အစိုးရ မီဒီယာက ထုတ်ပြန်ပါတယ်။

အစ္စရေးကတော့ ဆီးရီးယားက လေဆိပ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလား ဆိုတာကို ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အရင်ကလည်း အစ္စရေးဟာ ရန်သူတော် အီရန်နဲ့ အဆက်အစပ် ရှိနေတဲ့ ဆီးရီးယားက စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ဖူးပါတယ်။

လတ်တလောမှာတော့ အီရန် နိုင်ငံခြားရေး ဝန်ကြီးဟာ ဆီးရီးယားကို သွားရောက်ပြီး အစ္စရေး-ဟားမားစ် စစ်ပွဲကိစ္စ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ဂါဇာ ကမ်းမြှောင်အခြေစိုက် ဟားမားစ် ပြောက်ကျားအဖွဲ့ကို အီရန်က အဓိက ကျောထောက်နောက်ခံ ပေးထားတာ ဖြစ်ပါတယ်။

ဆီးရီးယားရဲ့ ဒမတ်စကက်နဲ့ အလက်ပို လေဆိပ်တွေဟာ အရပ်ဖက် လေကြောင်း ပျံသန်းမှုတွေသာ မကဘဲ လေတပ်စခန်းတွေပါ အခြေစိုက် ထားရှိတဲ့ နေရာတွေ ဖြစ်ပါတယ်။ အီရန်က လက်ဘနွန်မှာရှိတဲ့ ဟက်ဇ်ဘိုလာ ပြောက်ကျားတွေကို စစ်လက်နက်တွေ ထောက်ပံ့ တင်ပို့တဲ့အခါ အဲဒီ လေဆိပ်တွေကို ခရီးတထောက်အဖြစ် အသုံးပြုလေ့ ရှိတယ်လို့လည်း လူသိများပါတယ်။

လတ်တလောမှာတော့ အစ္စရေးဟာ ဟားမားစ်တွေနဲ့ စစ်တိုက်နေပေမယ့် လက်ဘနွန်နဲ့ နယ်စပ်မှာလည်း ဟက်ဇ်ဘိုလာတွေနဲ့ အခြေအနေ တင်းမာနေပြီး အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။  

 

Ref: Al Jazeera