အငြင်းပွားစရာ စစ်လက်နက် အမျိုးအစားကို အစ္စရေး အသုံးပြုခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့ စွပ်စွဲ

အောက်တိုဘာ၊ ၁၃

ကျင့်ဝတ်ပိုင်းအရ အငြင်းပွားစရာတွေ ရှိနေတဲ့ စစ်လက်နက်တမျိုးကို ဂါဇာစစ်ပွဲမှာ အစ္စရေးက အသုံးပြုခဲ့ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က အစ္စရေးဟာ ဂါဇာက ဟားမားစ် ပြောက်ကျားတွေရဲ့ စစ်ရေးပစ်မှတ်တွေကို ဗုံးကြဲရာမှာ မီးစုန်းဖြူ စစ်လက်နက်တွေကို အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။ အဲဒီလို လက်နက်မျိုးတွေကို လက်ဘနွန် အခြေစိုက် ဟက်ဇ်ဘိုလာ ပြောက်ကျားတွေနဲ့ စစ်ရေးတင်းမာမှုမှာပါ အစ္စရေးက ထုတ်သုံးခဲ့တယ်လို့ ဆိုပါတယ်။

မီးစုန်းဖြူ စစ်လက်နက်တွေကို ဓာတုလက်နက် စာရင်းထဲ ထည့်မထားသလို နိုင်ငံတကာ ဥပဒေတွေနဲ့ ပိတ်ပင်ထားတာမျိုးလည်း မရှိပါဘူး။ ဒါပေမဲ့လည်း အဲဒီ စစ်လက်နက်တွေ အသုံးပြုမှုဟာ ကျင့်ဝတ်ပိုင်းအရ ငြင်းခုံစရာတွေ ရှိနေပြီး နိုင်ငံတချို့က အသုံးပြုခွင့်၊ ထုတ်လုပ်ခွင့် တားဆီးထားပါတယ်။

တချို့ စစ်တပ်တွေက မီးစုန်းဖြူကို နေရာမှတ်သားဖို့အတွက် အသုံးပြုလေ့ ရှိပါတယ်။ ဒါပေမဲ့ လက်နက် အနေနဲ့ အသုံးပြုရင်တော့ လောင်ကျွမ်းအား အရမ်းပြင်းထန်ပြီး လူတွေအတွက် အရမ်း ဆိုးရွားတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အထူးသဖြင့် လူထူထပ်ရာ နေရာတွေမှာ ကြဲချရင် ဖျက်ဆီးအား ပြင်းပြင်းထန်ထန် သက်ရောက်စေနိုင်ပါတယ်။

အစ္စရေး စစ်တပ်ကတော့ တိုက်ခိုက်ရေး တပ်တွေက ဂါဇာမှာ မီးစုန်းဖြူ ထုတ်သုံးနေတယ် ဆိုတာမျိုး အစီရင် ခံမထားဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လက်ဘနွန်မှာရော အဲဒီလက်နက် သုံးနေသလား ဆိုတာကို တိတိကျကျ မှတ်ချက် မပေးခဲ့ပါဘူး။

HRWကတော့ ဂါဇာနဲ့ လက်ဘနွန်မှာ ရိုက်ယူထားတဲ့ ဗီဒီယို မှတ်တမ်းတချို့ကို သရုပ်ခွဲ လေ့လာခဲ့တဲ့​နောက် မီးစုန်းဖြူပါတဲ့ လက်နက်ကြီး ကျည်ဆန် ပေါက်ကွဲမှုတွေအဖြစ် ယူဆနိုင်ကြောင်း ပြောပါတယ်။ နောက်ပြီး AFP သတင်းဌာနရဲ့ ဓာတ်ပုံတွေအရ ဂါဇာကောင်းကင်ယံမှာ ဖြူဖွေးတဲ့ မီးခိုးတွေ အတန်းလိုက် ဖြာကျနေပုံတွေကိုလည်း HRWက ကိုးကားပြခဲ့ပါတယ်။

မီးစုန်းဖြူဟာ အောက်စီဂျင်နဲ့ ထိတွေ့ချိန်မှာ ပြင်းပြင်းထန်ထန် လောင်ကျွမ်းပြီး ဖြူဖွေးသိပ်သည်းတဲ့ မီးခိုးတွေ ထွက်ပေါ်စေပါတယ်။ ဂါဇာဟာ ကမ္ဘာပေါ်မှာ လူဦးရေ အသိပ်သည်းဆုံး နေရာတခုဖြစ်ပြီး အဲဒီလို ဒေသမျိုးမှာ မီးစုန်းဖြူ လက်နက်တွေ သုံးစွဲခြင်းက အရပ်သားတွေအတွက် အရမ်း အန္တရာယ် ကြီးမားလွန်းကြောင်း၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေမှာလည်း အရပ်သား ပြည်သူတွေ ထိခိုက်နိုင်တဲ့ လုပ်ရပ်တွေကို ရှောင်ရှားဖို့ တိတိကျကျ လမ်းညွှန် ပြဋ္ဌာန်းထားကြောင်း HRWက ဆိုပါတယ်။

အစ္စရေး စစ်တပ်ဟာ ၂၀၀၈-၀၉ ဂါဇာ ထိုးစစ်ကာလတုန်းကလည်း အဲဒီလက်နက်တွေကို အသုံးပြုခဲ့ဖူးပါတယ်။ ဒါပေမဲ့ အစ္စရေး စစ်တပ်ကတော့ တပ်တွေရဲ့ လှုပ်ရှားမှုကို ဖုံးကွယ်တာမျိုး ရည်ရွယ်ချက်နဲ့ အဲဒီ ဓာတုပစ္စည်းကို စစ်မြေပြင်မှာ အသုံးပြုနေဦးမယ်လို့ ၂၀၁၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

 

Ref: ​BBC