လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်သူတွေကို အရေးယူနိုင်မယ့် အစီအမံတွေ ချမှတ်ဖို့ NUG တိုက်တွန်းခံရ

အောက်တိုဘာ၊ ၁၂
 
စစ်အာဏာသိမ်းပြီးနောက် လက်ရှိကြားကာလအတွင်း တော်လှန်ရေးနယ်ပယ်က လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ပေးနိုင်ရေး စီမံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို သပိတ်အင်အားစုတွေက ဒီကနေ့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
 
“ ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အဓိကကတော့ သူသည် အမျိုးသမီးတွေအပေါ်မှာ မစာမနာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်တာကို ဖော်ထုတ်ဖို့ လိုအပ်ပါတယ် ” လို့ ယင်းမာပင်၊ ဆားလင်းကြီးနယ်က အမျိုးသမီးအရေး လှုပ်ရှားသူ ဒေါ်နွယ်နွယ်မိုးက ပြောပါတယ်။
 
အဲဒီတောင်းဆိုချက်ကို မြို့ပြဒေသအခြေစိုက် သပိတ်အင်အားစုတွေ၊ စစ်ကိုင်း၊ မကွေးတိုင်း တို့အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့က သပိတ်အင်အားစုတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်တော်လှန်ရေးအဖွဲ့ နှစ်ဆယ်ကျော်က ပူးပေါင်းထုတ်ပြန်ကြတာ ဖြစ်ပါတယ်။
 
တော်လှန်ရေးကာလ နှစ်နှစ်ခွဲကျော်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲမေတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက် အမြတ်ထုတ်မှု၊ မဖွယ်မရာ ပြုမှုနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေဟာ နေရာအနှံ့အပြားမှာ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ သပိတ်အင်အားစုတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒီလိုအခြေအနေတွေကို တားဆီးကာကွယ်ဖို့ မူဝါဒချမှတ်ထားတာ ရှိပေမယ့် လက်တွေ့အကောင်အထည်ဖော်နိုင်မှု အားနည်းနေတာကြောင့် ကျူးလွန်သူတွေကို အပြစ်မပေးနိုင်သလို နစ်နာသူတွေကိုလည်း အကာအကွယ်ပေးနိုင်မှု မရှိ ဖြစ်နေတယ်လို့လည်း ထောက်ပြထားပါတယ်။
 
“ ထိရောက်တယ်လို့ ခံစားရတဲ့ ဘာလုပ်ဆောင်မှုမှ မလုပ်ပေးနိုင်တာကြောင့် ဒီတောင်းဆိုချက်ကို တောင်းဆိုရတာ ” လို့ အဲဒီထုတ်ပြန်တောင်းဆိုချက်နဲ့ ပတ်သက်ပြီး မကွေးလူထုသပိတ်တိုက်ပွဲကော်မတီဝင် ကိုချစ်ဝင်းမောင် က DNA ကို ပြောပါတယ်။
 
မကြာသေးမီက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုတွေ ရှိခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးယူဖို့ တိုက်တွန်းချက်တွေ ရှိပေမယ့် လျစ်လျှူရှုထားတာကြောင့် အခုလို ထုတ်ပြန် တိုက်တွန်းတာလို့လည်း ကိုချစ်ဝင်းမောင်က ပြောပါတယ်။
 
ပြီးခဲ့တဲ့လအတွင်း လူမှုကွန်ရက်ပေါ်မှာ နွေဦးဆရာတော်လို့ လူသိများတဲ့ သံဃာတော်တပါးက တော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတွေကို အွန်လိုင်းကတဆင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုတွေ ရှိခဲ့ကြောင်း ဖော်ပြမှုတွေ ရှိခဲ့ပြီး ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
 
လက်ရှိကာလအတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးမှုကျူးလွန်သူတွေကို လူမှုရေးပြစ်ဒဏ်ပေးမှု မရှိသလောက် အားနည်းနေပြီး လက်ရှိကာလမှာသာမက အသွင်ကူးပြောင်းရေးကာလအထိ ပြစ်ဒဏ်ပေးနိုင်ဖို့အတွက် NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းသင့်တယ်လို့လည်း ဆိုထားပါတယ်။
 
ဒါကြောင့် ဒီလိုပြဿနာတွေအတွက် NUG ရဲ့သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ EAO တွေ ပူးပေါင်းပါဝင်တဲ့ ပလက်ဖောင်းတခု၊ ကော်မတီတခု ဖွဲ့စည်းဖို့လည်း တိုက်တွန်းထားပါတယ်။
 
NUG အပါအဝင် အဖွဲ့အစည်းအသီးသီးအနေနဲ့ လူသိရှင်ကြား ပျံ့နှံ့လာတဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေနဲ့ အ မြတ်ထုတ်မှုတွေကိုသာမက လူအများမသိသေးတဲ့ ဖြစ်စဉ်တွေကိုပါ ဖုံးကွယ်၊ လျစ်လျှူရှုထားဖို့ မသင့်သလို နစ်နာသူတွေကို အကာအကွယ်နဲ့ စိတ်လုံခြုံမှု ပေးဖို့လိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။
“ ကျူးလွန်ခံရတဲ့သူတွေက အပြစ်မရှိဘူး၊ ကျူးလွန်တဲ့သူမှာသာ အပြစ်ရှိတာ၊ သူတို့ရဲ့ အမှား၊ သူ့ဘာသာ ဘယ်သူ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် အရေးယူပြီး အပြစ်ပေးကိုပေးရမှာ ” လို့ အမျိုးသမီးအရေးလှုပ်ရှားသူ ဒေါ်နွယ်နွယ်မိုးက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် သက်ငယ်မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုနဲ့ အမျိုးသမီးတွေအပေါ် နည်းလမ်းအမျိုးမျိုးနဲ့ အကြမ်းဖက်မှုတွေ များလာသလို ကျူးလွန်သူတွေထဲမှာ မြေပြင်က စစ်အာဏာရှင်ကိုတော် လှန်နေသူတွေလည်း ပါဝင်နေတာတွေ့ရတယ်လို့ NUG အစိုးရအဖွဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင်က စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့တဲ့ စကားဝိုင်းတခုမှာ ပြောထားပါတယ်။
အဲဒီလို တော်လှန်ရေးနယ်ပယ်ထဲက လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့အတွက် ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးယန္တရားက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ လိုပြီး အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနအနေနဲ့ အလေးထား ဆောင်ရွက်နေတယ်လို့လည်း သူကပြောပါတယ်။
 
ဓာတ်ပုံ – RWU (Dawei)