စစ်တောင်းမြစ်ဝှမ်းနဲ့ ဧရာဝတီမြစ် အနောက်ကမ်းဒေသကို စိုးမိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ NUG ပြော

အောက်တိုဘာ၊ ၁၂
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေဟာ စစ်တောင်းမြစ်ဝှမ်းနဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်း ဒေသတွေကို စိုးမိုးနိုင်ဖို့ စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးပါတယ်။
 
ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက နှစ်ပတ်တကြိမ် ပုံမှန်အစီရင်ခံတဲ့ အစီအစဉ်ကနေတဆင့် မနေ့က အဲဒီလို ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။
 
ပဲခူးတိုင်းအတွင်းက ရန်ကုန်-နေပြည်တော် အမြန်လမ်းရဲ့အနောက်ဘက်ခြမ်းဖြစ်တဲ့ စစ်တောင်းမြစ်ဝှမ်းဒေသ စိုးမိုးရေးကို ဆောင်ရွက်နေသလို ပဲခူးတိုင်းအနောက်ခြမ်းနဲ့ မကွေးတိုင်းဒေသတချို့ပါဝင်တဲ့ ဧရာဝတီမြစ်အနောက် ဘက်ကမ်းဒေသကို စိုးမိုးနိုင်ဖို့ စစ်ဆင်ရေးတွေ လုပ်နေတာလို့ သူကပြောပါတယ်။
 
“ ရန်သူ့စိုးမိုးနယ်မြေကို ထိုးဖောက်ပြီး ဝင်ရောက်တိုက်ခိုက်ရတဲ့ စစ်ဆင်ရေးတွေ ဖြစ်တဲ့အတွက် မဟာဗျူဟာအရ ကျွန်တော်တို့အတွက် အင်မတန်ကို အရေးကြီးတဲ့ စစ်ဆင်ရေးတွေလို့လည်း ပြောလို့ရပါတယ် ” လို့ ဦးမောင်မောင်ဆွေက ဆိုပါတယ်။
 
ဒီစစ်ဆင်ရေးနယ်မြေတွေဟာ ပဲခူးရိုးမ ဒေသနဲ့လည်း စပ်ဆက်နေပြီး ပဲခူးရိုးမက မဟာဗျူဟာအရ အလွန်အရေးပါတဲ့ နေရာလို့လည်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
 
“ စစ်တပ်အနေနဲ့ ၁၉၇၅ ခုနှစ် နောက်ပိုင်းမှာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ ခြေချခြင်း မရှိစေရဆိုပြီး ဂုဏ်ယူဝင့်ကြွားထားတဲ့ အဲဒီပဲခူးရိုးမဒေသကို အခုချိန်နွေဦးတော်လှန်ရေးမှာဆိုရင်တော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ မဟာမိတ်အင်အားစုတွေက ထိုးဖောက်ဝင်ရောက်ပြီးတော့ စခန်းသိမ်းတိုက်ပွဲတွေ တိုက်ခိုက်နိုင်နေပြီ ” လို့ ပဲခိုးရိုးမမှာ ပြီးခဲ့တဲ့ လတွေက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကို ရည်ညွှန်ပြီး ဦးမောင်မောင်ဆွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပဲခူးရိုးမက စစ်ကောင်စီရဲ့ ခါချဉ်တောင်စခန်း၊ သစ်ချဆိပ်စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့သလို တောင်ငူမြို့နယ်ထဲက ဆိတ်ဖူးတောင်စခန်းတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ ပဲခူးတိုင်း PDF က ပြောထားပါတယ်။
 
ဒါ့အပြင် ပဲခူးရိုးမထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲနဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေလည်း ခပ်စိပ်စိပ်ဖြစ်နေပါတယ်။
 
ပဲခူးတိုင်း သာယာဝတီခရိုင်အခြေစိုက် PDF တပ်ရင်း (၃၈၀၂) ပြန်ကြားရေးတာဝန်ခံ ကိုဇော်ကြီးကတော့ ဒေသတွင်းတပ်ဖွဲ့တွေအနေနဲ့ လက်နက်ထောက်ပံ့မှု ပိုရမယ်ဆိုရင် တိုက်ပွဲကြီးတွေ ဖော်ဆောင်နိုင်တဲ့ အခြေအနေအထိ ရှိတယ်လို့ ဆိုပါတယ်။
 
“ စစ်ရေးကတော့ လက်နက်သာ ထောက်ပံ့ပေးရင် မြို့တွင်းစစ်ဆင်ရေးတောင် ဆောင်ရွက်နိုင်တဲ့ အနေထားရှိတယ်၊ လက်နက်ထောက်ပံ့မှုက အခုနောက်ပိုင်းဆို မရှိသလောက် ဖြစ်နေတာ၊ ကျွန်တော်တို့ ထောက်ပံ့မှုတွေက အပြင်လူတွေ ထောက်ပံ့မှုတွေနဲ့သာ သွားရတာ ” လို့ သူကပြောပါတယ်။
 
လက်ရှိ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ပဲခူးရိုးမအနောက်ခြမ်းတခုလုံးကို စိုးမိုးထားနိုင်တဲ့ အခြေအနေရှိပြီး စစ်ကောင်စီအနေနဲ့ အင်အားအများအပြားပါမှသာ ပဲခူးရိုးမအတွင်း ဝင်ရောက်နိုင်တဲ့ အနေထားရှိတယ်လို့ သူကဆိုပါတယ်။
 
ဓာတ်ပုံ – Bago Region PDF