စစ်ကောင်စီတပ် လက်ချက်နဲ့ သုံးလအတွင်း အမျိုးသမီး ငါးဆယ်ကျော်သေဆုံး

အောက်တိုဘာ၊ ၁၂
 
မြန်မာနိုင်ငံတဝှမ်း အခု ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလအတွင်း စစ်ကောင်စီတပ်လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ အမျိုးသမီး ၅၆ ဦးရှိတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က အောက်တိုဘာလ ၁၂ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
 
” လူသားဂုဏ်သိက္ခာနဲ့အညီ အသက်ရှင်နေထိုင်ပိုင်ခွင့်ကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်ခံနေရတာ၊ နောက်ပြီးတော့ အပြစ်မဲ့ရင်သွေးငယ်တွေရဲ့ မိခင်ဆုံးရှုံးရတဲ့ ပူဆွေးသောကတွေဟာ သူတို့ရဲ့ ရှင်သန်ရာအနာဂတ်မှာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ခံစားစေရတော့မှာပဲ ” လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
အဲဒီအရေအတွက်ဟာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေကို အခြေခံကာ ပြုစုထားတာဖြစ်ပြီး မြေပြင်မှာတော့ သေဆုံးသူဦးရေဒီထက်ပိုများနိုင်တယ်လို့ BWU ဘက်က ပြောပါတယ်။
 
သေဆုံးသူတွေဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်ဦး၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် သုံးဆယ်ဦး၊ မီးရှို့သတ်ဖြတ်ခံရသူ သုံးဦး၊ သေနတ်နဲ့ ပစ်သတ်ခံရသူ ၁၄ ဦးနဲ့ ရိုက်နှက်သတ်ဖြတ်ခံရသူ နှစ်ဦး ပါဝင်ပြီး မုဒိမ်းကျင့်ပြီးမှ သတ်ဖြတ်ခံရသူလည်း တဦးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးကန်မြောက်ရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတဦးကို လည်လှီးသတ်ဖြတ်ခဲ့ပါတယ်။
 
အဲဒီလို သတ်ဖြတ်ခံရသူတွေထဲပါတဲ့ အသက် နှစ်ဆယ်ဝန်းကျင်ရှိ အမျိုးသမီးကတော့ မုဒိမ်းကျင့်ပြီးမှ သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေ ပြောပြတာကို ကိုးကားပြီး BWU ဘက်က ထုတ်ပြန်ထားပါတယ်။
 
အလားတူပဲ သြဂုတ်လ ၁၂ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ဆေးခန်းပြပြီး ပြန်လာတဲ့ အသက် ငါးဆယ်ဝန်းကျင် အမျိုးသမီးတဦးကို သားဖြစ်သူနဲ့အတူ စက္ကန့်ရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်သတ်တာ ခံခဲ့ရပြီး အလောင်းတွေကိုပါ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
 
ဒါ့အပြင် အဲဒီသုံးလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာ ခံခဲ့ရတဲ့ အမျိုးသမီး ၄၃ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရတော့ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် စက်တင်ဘာလကုန်အထိ အမျိုးသမီး သေဆုံးသူဦးရေ ခြောက်ရာကျော်အထိရှိပြီး စစ်ကိုင်းတိုင်းကတော့ သုံးရာနီးပါးနဲ့ အများဆုံးဖြစ်ပါတယ်။
 
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)ကတော့ စစ်ကောင်စီတပ်အနေနဲ့ အမျိုးသမီးတွေအပေါ် လူသားမဆန်တဲ့ ရက်စက်မှုတွေ ကျူးလွန်နေပေမယ့် တော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကိုတော့ ဟန့်တားနိုင်ခြင်း မရှိဘူးလို့ ပြောဆိုထားပါတယ်။
 
” အကြမ်းဖက် စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို ထိရောက်စွာ အပြစ်ပေးအရေးယူမှုတွေ မလုပ်ဆောင်နိုင်သေးသရွေ့တော့ ဒီလိုပြစ်မှုတွေကို ဆက်လက်ကျူးလွန်နေမှာပဲ ” လို့ အထက်ပါ BWU တာဝန်ရှိသူက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စက္ကန့်ရွာအနီးမှာ သြဂုတ်လ ၁၂ ရက်က သားဖြစ်သူနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်သတ်တာခံတဲ့ရပြီး သေဆုံးခဲ့တဲ့ အမျိုးသမီးတဦးအား တွေ့ရစဥ်။