ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်မှာ ပြည်ခိုင်ဖြိုး အမတ်ဟောင်းတဦးကို အောက်တိုဘာလ ၁၂ ရက်၊ မနက် ၆ နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
“ သူ့ကို ရှင်းဖို့စောင့်နေတာ ကြာပြီ။ ဒီတိုင်းတော့ ဝင်ပစ်လို့ မရဘဲ အချိန်ယူစောင့်ရတာပေါ့။ ဒီနေ့ သူ အသုပ်ဆိုင်က ထွက်လာချိန် ပစ်တာပေါ့ ” လို့ ပေါင်းတည်ခရိုင် တပ်ရင်း (၃၆၀၁) က သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
သေဆုံးခဲ့သူဟာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရ သဲကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်း အသက် ခုနှစ်ဆယ်ဝန်းကျင် အရွယ်ရှိတဲ့ ဦးစိုးအောင်ဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဝမ်းဗိုက်နဲ့ဦးခေါင်း ထိမှန်ပြီး နေရာတင် သေဆုံးသွားတာပါ။
ဦးစိုးအောင်ဟာ စစ်ကောင်စီရဲ့ အမာခံဒလန်တဦးဖြစ်တဲ့အပြင် ပြည်သူ့စစ် (ပျူစောထီး)သင်တန်းအတွက် လူသစ်စုဆောင်းပေးသူ ဖြစ်လို့ ပေါင်းတည်မြို့နယ် PDF တပ်ရင်း တပ်ခွဲ (၃)၊ တပ်စု (၃) Wisdom အဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေး အဖြစ် ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
” ကျွန်တော်တို့အနေနဲ့က မရှင်းချင်ဘူး။ ငွေနဲ့ရော ခြိမ်းခြောက်ပြီးတော့ရော လုပ်လို့ ရှင်းလိုက်တာဗျ ” လို့ အဲဒီတာဝန်ခံက ပြောပါတယ်။
အခုလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်ခံရပြီး နာရီဝက်အကြာမှာ သေဆုံးသူရဲ့ အလောင်းကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေက လာယူကာ ပြည်မြို့ ကုတင် ၁၀၀ ဆေးရုံကို သယ်ယူသွားတယ်လို့ သိရပါတယ်။
လွှတ်တော်အမတ်ဟောင်းတဦးဖြစ်တဲ့ ဦးစိုးအောင်ဟာ စစ်တပ်က အာဏာသိမ်းအပြီးမှာ ဖွဲ့စည်းတဲ့ ပြည်သူ့စစ် (ပျူစောထီး)အဖွဲ့ကို သဲကုန်းမြို့မှာ ဖွဲ့စည်းရေးကို ဦးဆောင်နေတဲ့သူ ဖြစ်တယ်လို့ မြို့ခံတချို့က ဆိုပါတယ်။
” သူက လွှတ်တော်အမတ်ဟောင်း၊ ၂၀၁၀ တုန်းက၊ နောက်နှစ်တွေကတော့ NLD အမတ်တွေ ကို ရှုံးတယ်။ အခုနောက်ပိုင်းတော့ စကစ(စစ်ကောင်စီ) အလိုကျ လုပ်နေတယ်ကြားတာပဲ ” လို့ သဲကုန်းမြို့ခံတဦးက ပြောပါတယ်။
၁၉၉၃ ခုနှစ်မှာ အဲဒီတုန်းက အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် ထိပ်တန်းစစ်တပ်အရာရှိကြီးတွေပါဝင်တဲ့ လူမှုရေးအသင်းအဖြစ် တည်ထောင်ခဲ့တဲ့ ပြည်ခိုင်ဖြိုးအသင်းဟာ ၂၀၁၀ ပြည့်နှစ်မှာ ပါတီအဖြစ်ပြောင်းလဲကာ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုကို စစ်တပ်နောက်ခံပြု ပြည်ခိုင်ဖြိုးပါတီက ထောက်ခံတယ်ဆိုတဲ့ ယူဆချက်နဲ့ တော်လှန်ရေးအင်အားစုတွေက ပါတီဝင်တွေ သတ်ဖြတ်ရုံသာမက ပါတီရုံးတချို့ကိုပါ ဗုံးခွဲတိုက်ခိုက်တာတွေ ရှိပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပါတီဝင်ပေါင်း နှစ်ထောင်ကျော် သတ်ဖြတ်ခံထားရတယ်လို့ ပြည်ခိုင်ဖြိုးပါတီက ဒီနှစ်နှစ်ဆန်းပိုင်းက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်စတဲ့ ဒေသတွေနဲ့ တချို့မြို့နယ်တွေက ထောင်နဲ့ချီတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေဟာ နေပြည်တော်က ပါတီဌာနချုပ်မှာ တိမ်းရှောင်နေရတယ်လို့ အမည်မဖော်လိုသူ ပါတီဝင်တဦးက ပြောပါတယ်။
ဓာတ်ပုံ – PPDF