အောက်တိုဘာ၊ ၁၂
တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမ (BRI)စီမံကိန်းရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ကျောက်ဖြူ – ကူမင်း ရထားလမ်း စီမံကိန်းအတွက် မြေပြင်တိုင်းတာမှုတွေကို ရခိုင်ပြည်နယ်အတွင်း စတင်လုပ်ကိုင်နေတယ်လို့ ဒေသခံတွေနဲ့ စီမံကိန်းလေ့လာနေသူတွေက ပြောကြပါတယ်။
ဒေသခံတွေရဲ့ ထောက်ပြ၊ ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းနေခဲ့တဲ့ အဲဒီရထားလမ်း စီမံကိန်းကို အာဏာသိမ်းစစ်ကောင်စီက ပြန်အစပြုလာတာဖြစ်ပြီး အခုလ ပထမပတ်အတွင်း ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း ကားလမ်းတလျှောက်မှာ တိုင်းတာမှုတွေ လုပ်သွားတယ်လို့ ဆိုပါတယ်။
“ ရဲတွေ ပါတယ်။ တရုတ်တွေပဲ လာတိုင်းကြတာ GPS စက်တွေနဲ့၊ ဒေသခံတွေကိုလည်း ဘာမှ အသိမပေးဘူး၊ အုပ်ချုပ်ရေးမှူးတွေကိုတောင် မခေါ်ဘူး၊ ကားနဲ့ လာတယ်၊ တိုင်းမယ့်နေရာ ရောက်ရင် ဆင်းပြီးတိုင်းတယ်၊ ရွာသားတွေက ဒီအတိုင်း ကြည့်နေကြရတယ်။ ဘာမှမသိရဘူး ” လို့ အမ်းမြို့နယ် စနဲရွာ ဒေသခံတဦးက DNA ကို ပြောပါတယ်။
အမ်းမြို့နယ် စနဲကျေးရွာအုပ်စု၊ မွားကျေးရွာအုပ်စုနဲ့ တန်းတင်ကျေးရွာအုပ်စု တို့မှာ အောက်တိုဘာလ ၇ ရက်နဲ့ ၈ ရက် နှစ်ရက်ဆက် အဲဒီလို တိုင်းတာမှုတွေ လုပ်သွားခဲ့ကြတာလို့ ဆိုပါတယ်။
ဒါမေယ့် ဒေသတွင်းလွှတ်တော်အမတ်ဟောင်းတွေ၊ အရပ်ဖက်အဖွဲ့တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံတွေကိုတော့ အဲဒီစီမံကိန်းကိစ္စ တစ်စုံတစ်ရာ အသိပေးတာမျိုး မရှိသေးဘူးလို့ ပြောကြပါတယ်။
ဒေသတည်ငြိမ်မှု မရှိတဲ့အခြေအနေမှာ ဒီလိုစီမံကိန်းမျိုး လုပ်လာမယ်ဆိုရင် ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ထပ်ရှိလာနိုင်ပြီး ပွင့်လင်းမြင်သာမှုလည်း မရှိသလောက်ဖြစ်သွားနိုင်တယ်လို့ ရခိုင်ဒေသတွင်း စီမံကိန်းတွေအပေါ် လေ့လာနေသူတွေက ထောက်ပြကြပါတယ်။
“ စစ်တပ်က အန္တရာယ်ပြုသမျှကို ဒေသခံတွေ ခံရနိုင်တဲ့ အနေအထား ဖြစ်တယ်၊ သူတို့ကို ဆန့်ကျင်တာပဲဖြစ်ဖြစ်၊ ထောက်ပြတာပဲဖြစ်ဖြစ်၊ လျော်ကြေး၊ နစ်နာကြေးတွေ တောင်းတာပဲဖြစ်ဖြစ်၊ သူတို့ မထင်ရင် မထင်သလို ပုဒ်မတွေ တပ်ပြီးတော့ အနိုင်ကျင့်ခံရနိုင်တယ်၊ မတရား ဖမ်းဆီးခံရနိုင်တယ်၊ မတရား သတ်ဖြတ်ခံရလာနိုင်တယ် ” လို့ အမ်းဒေသခံ တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။
အဲဒီရထားလမ်းစီမံကိန်း ပြန်အစပြုဖို့ စစ်ကောင်စီနဲ့ တရုတ်နိုင်ငံတို့အကြား ပြီးခဲ့တဲ့ မတ်လလောက်ကတည်းက ဆွေးနွေးမှုတွေ ပြန်လုပ်နေခဲ့တာဖြစ်ပြီး စစ်ခေါင်းဆောင်ကိုယ်တိုင်ကလည်း အဲဒီစီမံကိန်း လုပ်နေပြီလို့ စက်တင်ဘာလနောက်ဆုံးပတ်က စစ်ကောင်စီရဲ့ စီပွားရေးကော်မတီအစည်းအဝေးမှာ ထုတ်ပြောခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ တရုတ်နဲ့ သူတို့ရဲ့ အကျိုးအမြတ်အတွက် ဒေသတွင်း နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တရုတ်စီမံကိန်းတွေကို အကောင်အထည်ဖော်ပေးဖို့ ကြိုးစားလာတာဖြစ်ကာ အခုလို အခြေအနေမှာ ဘယ်စီမံကိန်းကိုမှ မလုပ်သင့်ဘူးလို့ ရခိုင်ပြည်နယ်အတွင်းက တရုတ်စီမံကိန်းတွေကို လေ့လာနေသူတဦးက ဝေဖန်ပါတယ်။
“ ပြည်သူတွေ မပြောရဲတဲ့ အချိန်ကို အခွင့်ကောင်းယူပြီးတော့ သူတို့လုပ်လာတာဖြစ်တယ်၊ လုပ်တဲ့အခါမှာလည်း သူတို့ လုံခြုံရေးအတွက် စီမံကိန်းတလျှောက်မှာ စစ်တပ်ဂိတ်တွေ၊ စစ်ဆေးရေးဂိတ်တွေ ချလာနိုင်တယ် ” လို့ သူကဆိုပါတယ်။
ရခိုင်ဒေသတွင်းက တရုတ်စီမံကိန်းတခုဖြစ်တဲ့ ရွှေဂတ်စ်စီမံကိန်းအတွက် ပိုက်လိုင်းသွယ်တန်းချိန်ကလည်း ဒေသခံတွေရဲ့ လယ်ယာမြေနဲ့ ရွာမြေတွေ၊ နေအိမ်တွေ၊ သုသာန်မြေတွေ ဆုံးရှုံးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီဆုံးရှုံးမှုတွေအတွက် လျော်ကြေးငွေကလည်း ကာလတန်ကြေးအတိုင်း မရသလို ဒီကနေ့အထိ လျော်ကြေး လုံးဝမရသူတွေလည်း ရှိနေသေးတယ်လို့ လေ့လာသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
“ တရုတ် စီမံကိန်းတွေက သူတို့ရဲ့ အကျိုးအမြတ်အတွက်ပဲ ဖြစ်တယ်၊ ဒေသခံတွေ အလုပ်အကိုင်အခွင့်လည်း မရဘူး၊ သူတို့လူတွေနဲ့ပဲ လုပ်ကြတာ၊ ဒေသခံတွေအတွက် ဘာအကျိုးအမြတ်မှလည်း မရဘူး၊ အခုလည်း အဲဒီလို ဖြစ်လာနိုင်တယ် ” လို့ ပိုက်လိုင်းစီမံကိန်းကို စောင့်ကြည့်လေ့လာခဲ့သူတဦးက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဖော်ပြထားတဲ့ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT)အဖွဲ့ရဲ့ အစီရင်ခံစာတရပ်မှာလည်း တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းဟာ ပဋိပက္ခနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုဖြစ်စေတယ်လို့ ဝေဖန်ထားပါတယ်။
တရုတ်နိုင်ငံအနေနဲ့ လက်ရှိကာလအတွင်း စီမံကိန်းတွေကို ရှေ့တိုးမလုပ်ဘဲ ရပ်တန့်ထားသင့်ပြီး ဖယ်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တခုအရ ကျင်းပတဲ့ ရွေးကောက်ပွဲ မရှိသရွေ့ ဘယ်လိုရင်းနှီးမြှပ်နှံမှု အသစ်ကိုမှ မလုပ်သင့်ဘူးလို့ အဲဒီအစီရင်ခံစာက တိုက်တွန်းထားပါတယ်။
ကချင်နဲ့ ရှမ်းမြောက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုပြင်းထန်လာတာဟာ တရုတ်နိုင်ငံရဲ့ခေတ်သစ်ပိုးလမ်းမ စီမံကိန်း တိုးချဲ့ရေးအတွက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကို လုံခြုံရေးပေးနိုင်ဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုတွေနဲ့ ဆက်စပ်နေတယ်လို့လည်း KWAT က ဆိုပါတယ်။
စစ်ကောင်စီဟာ ကူးမင်း – ကျောက်ဖြူ ရထားလမ်း စီမံကိန်းအပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကိုလည်း အာဏာသိမ်းပြီး တနှစ်ကျော်အကြာ ၂၀၂၂ ခု နှစ်ကုန်မှာ ပြန်အစပြုကာ ESIA (လူမှုရေးနှင့် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုလေ့လာဆန်းစစ်ချက်)လုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။
ဒါ့အပြင် အာဏာသိမ်းပြီးနောက်မှာပဲ ကျောက်ဖြူမြို့နယ်အတွင်း တရုတ်ရဲ့ Power China ကုမ္ပဏီနဲ့ မြန်မာနိုင်ငံက Supreme Trading Company Limited တို့ ပူးပေါင်းပြီး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံအတွင်းက နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကုမ္ပဏီကြီးတွေ ထွက်ခွာသွားပြီး စီမံကိန်းတွေ ရပ်ဆိုင်းသွားခဲ့ပေမယ့် တရုတ်စီမံကိန်းတွေကတော့ ဆက်ရှိနေကာ အရှိန်အဟုန်ပိုမြှင့်လာတာမျိုးတွေလည်း ရှိနေပါတယ်။
ကျောက်ဖြူကနေ မန္တလေး၊ မူဆယ်တို့ကို ဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းအထိ ဖောက်မယ့် ရထားလမ်းစီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ် ဧပြီလကတည်းက မြန်မာအစိုးရနဲ့ China Railway Engineering Corporation – CREC တို့ သဘောတူလက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီစာချုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရလက်ထက် ၂၀၁၉ ခုနှစ်မှာ ပြင်ဆင်ချုပ်ဆိုခဲ့ပြီး အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမယ့် ဒေသခံတွေရဲ့ ဝေဖန်ကန့်ကွက်မှုတွေ ရှိနေတာကြောင့် ဒီစီမံကိန်းတွေအတွက် မြေပြင်လုပ်ငန်းတွေကိုတော့ ပြီးခဲ့တဲ့ အရပ်သားအစိုးရကာလတွေအတွင်း စတင်နိုင်ခဲ့ခြင်း မရှိဘဲ အခုအာဏာသိမ်းကာလအတွင်းမှာ မြေပြင်တိုင်းတာမှုတွေ စလုပ်လာတာလို့ ဒေသခံတွေက ပြောကြပါတယ်။
ဓာတ်ပုံ – Google