လှတောရဲစခန်း တိုက်ခိုက်ခံရပြီးနောက် လှတောရွာက နေအိမ်နဲ့ ဆိုင်ခန်းတချို့မီးရှို့ခံရ၊ ဒေသခံနှစ်ဦး ဒဏ်ရာရ

အောက်တိုဘာ၊ ၁၂
 
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး နောက်တရက်မှာ စစ်ကောင်စီတပ်က လှတောရွာထဲက နေအိမ်တွေနဲ့ ဆိုင်ခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့သလို ပစ်ခတ်မှုတွေလည်း လုပ်တာကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ မနေ့က နေ့လယ် ၁ နာရီလောက်မှာ လှတောကျေးရွာထဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာလို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုတွေကြောင့် လှတောရွာက အမျိုးသမီးတဦး ပေါင်ထိမှန် ဒဏ်ရာ ရခဲ့သလို အမျိုးသားတဦးလည်း လက်ထိမှန် ဒဏ်ရာရခဲ့တာလို့ သူကပြောပါတယ်။
 
အဲဒီမတိုင်မီ တရက်အလို အောက်တိုဘာ ၁၀ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက လှတောရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ကြပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးလည်း ကျဆုံးပေမယ့် စစ်ကောင်စီဘက်က ပိုအထိနာတယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
 
“ မိုးရွာသွားလို့သာ မဟုတ်ရင် သူတို့စခန်းကို ပြာကျအောင် လုပ်လို့ရတယ် ” လို့ အဲဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ကိုင်းမြို့နယ် ဆားတောင်ဒေသအခြေစိုက် ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်နဲ့ ရဲ အင်အားလေးဆယ်လောက်ရှိနေတဲ့ လှတောရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက အောက်တိုဘာ ၁၀ ရက် ညနေပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ခုနစ်ဦး သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
 
“ ကျွန်တော်တို့ တိုက်ခိုက်စဥ်မှာ ဒီ မိုးက သည်းသည်းမဲမဲ ရွာလို့ လက်နက်ကြီးတွေပေါ့နော် အာပီဂျီတို့ဘာတို့က ရေစိုကုန်တယ်၊ ၄၀ မမတို့ ဘာတို့ကလည်း သဲတွေဗွက်တွေဝင်ပြီး error (ချို့ယွင်းမှု)ဖြစ်လို့ စခန်းတော့ မသိမ်းနိုင်ဘူး ” လို့ ဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးကလည်း ပြောပါတယ်။
 
တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်က အသက် ၂၂ နှစ်အရွယ် ကိုကုလားဆိုသူ တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပြီး နောက်တဦးကတော့ မစိုးရိမ်ရဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
 
ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်ဟာ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်ပြီး ဒဏ်ရာရသူကတော့ Zero ပျောက်ကြားတပ်ဖွဲ့က တပ်ဖွဲ့ဝင်တဦး ဖြစ်တယ်လို့ သိရပါတယ်။
 
လှတောရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ နှစ်ဖက်သုံးနာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး မိုးသည်းလာတာကြောင့် ပြန်ဆုတ်ခွာခဲ့ရတယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
 
တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
အဲဒီတိုက်ပွဲမှာ မြင်းခြံခရိုင် PDF တပ်ရင်း (၇) Zero ပျောက်ကြားတပ်ဖွဲ့၊ လှတောတိုက်နယ်အတွင်းက နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ ဆားတောင်မိုးကြိုး ပြောက်ကျားတပ်၊ Zero Power စတဲ့ မဟာမိတ်တပ်ပေါင်းစုတွေ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Google