အောက်တိုဘာ ၊ ၁၂
အိန္ဒိယ နိုင်ငံမှာ ရထားတစီး လမ်းချော် တိမ်းမှောက်မှုကြောင့် ၄ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ ၁၁ ရက်က ဒေလီကနေ အာသံကို ဦးတည် ခုတ်မောင်းလာတဲ့ မီးရထားဟာ ဘီဟာ ပြည်နယ်ထဲမှာ လမ်းချော် တိမ်းမှောက်မှု ဖြစ်ခဲ့တာပါ။ ကယ်ဆယ်ရေးတွေက အသေအပျောက် ၄ ဦးရှိကြောင်း အတည်ပြုခဲ့ပြီး ဆေးရုံ တင်ပို့ခဲ့ရသူ တချို့လည်း ရှိတယ်လို့ ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းထိ အပျက်အစီးတွေအောက် ပိတ်မိနေနိုင်သူတွေကို ကယ်ဆယ်ရေးတွေက ဆက်လက်ပြီး ဖြန့်ကျက် ရှာဖွေနေပါတယ်။
ရထားတိမ်းမှောက်မှုရဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အခင်းဖြစ်တဲ့ နေရာကို ရောက်ရှိနေတဲ့ စုံစမ်းရေး အရာရှိတွေကတော့ လမ်းချော်ပြီး တိမ်းမှောက်သွားတဲ့ ရထားတွဲ ၂၁ ခုထိ ရှိခဲ့တယ်လို့ ပြောပါတယ်။
အိန္ဒိယ ရထားပို့ဆောင်ရေးဝန်ကြီး အက်ရှ်ဝီနီ ဗိုင်ရှ်နော်က မတော်တဆမှုအတွက် ထိခိုက်ခံစားရသူ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ရထားလမ်းချော်မှုရဲ့ အကြောင်းရင်းကို အစွမ်းကုန် စုံစမ်း ဖော်ထုတ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
အိန္ဒိယမှာတော့ ရထားမတော်တဆမှု သတင်းတွေကို နှစ်စဉ်လိုလို ကြားရလေ့ ရှိပါတယ်။ ဇွန်လတုန်းက ဆယ်စုနှစ် နှစ်ခုလောက် ကာလအတွင်း အဆိုးဆုံး ရထား မတော်တဆမှုတခု ဩရိသ ပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတုန်းက ရထားနှစ်စင်း တိုက်မိထားတာကို နောက်ထပ် ရထားတစီးက ထပ်ပြီး တိုက်မိခဲ့တဲ့ ဖြစ်စဉ်ကြောင့် လူ ၂၈၈ ဦးထက်မနည်း သေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။