ဟားမားစ် သတ်ဖြတ်ထားတဲ့ အစ္စရေး ကလေးငယ်တွေကို ကိုယ်တိုင်မြင်ခဲ့တယ်လို့ သတင်းထောက်ပြော

အောက်တိုဘာ ၊ ၁၂

ဟားမားစ် ပြောက်ကျားတွေက အစ္စရေး ကလေးငယ်တွေကို ခေါင်းဖြတ်ခဲ့တယ် ဆိုတာဟာ လုပ်ကြံပြောဆိုမှု မဟုတ်ဘဲ အလောင်းတွေကို ကိုယ်တိုင် မြင်ခဲ့တယ်လို့ အဲဒီ ကိစ္စကို အရင်ဆုံး ထုတ်ဖော်ခဲ့တဲ့ သတင်းထောက်က ပြောပါတယ်။

အောက်တိုဘာ ၇ ရက်မှာ ဟားမားစ်တွေက အစ္စရေး နယ်စပ်ကို ကျူးကျော်ပြီး မြို့ရွာတချို့ကို စီးနင်း တိုက်ခိုက်ခဲ့သလို အရပ်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ နယ်စပ်နားက ရွာတခုကို အစ္စရေး တပ်ဖွဲ့ဝင်တွေက ရှင်းလင်းပြီး ဝင်ရောက် စစ်ဆေးတဲ့ အခါမှာတော့ နိုင်ငံတကာ မီဒီယာ တချို့ကိုပါ ဖြစ်စဉ်တွေကို မျက်မြင် ကြည့်ရှုခွင့် ပြုခဲ့ပါတယ်။

တဲလ်အဗစ်ဗ် အခြေစိုက် i24NEWSကလည်း ရွာထဲကို ဝင်ရောက် သတင်းယူခွင့် ရခဲ့ပြီး ကလေးတွေ ရက်ရက်စက်စက် သတ်ဖြတ် ခံထားရတာကို သူ့မျက်စိနဲ့ ကိုယ်တိုင် မြင်ခဲ့တယ်လို့ သတင်းထောက် အမျိုးသမီး နစ်ကိုးလ် ဇီဒက်ခ်က ပြောပါတယ်။

ဟားမားစ်တွေက မွေးကင်းစ အရွယ်တွေ အပါအဝင် အစ္စရေး ကလေးငယ် ၄၀ ဝန်းကျင်လောက်ကို ရွာထဲမှာ ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့ပြီး တချို့ကလေးတွေကို ခေါင်းဖြတ်ထားကြောင်း i24NEWSက စတင် ဖော်ပြခဲ့ချိန်မှာ ဒီဖြစ်စဉ်ဟာ တကယ်မှန်သလား၊ ချဲ့ကားထားတာလား ဆိုတာကို ငြင်းခုံမှုတွေ ရှိလာပါတယ်။

ဇီဒက်ခ်ကတော့ ကလေးတွေရဲ့ ရုပ်ပျက်ဆင်းပျက် အလောင်းတွေကို သူ့မျက်စိနဲ့ တပ်အပ် မြင်ခဲ့ကြောင်း၊ သူဟာ ငရဲဘုံလို ဖြစ်နေတဲ့ ရွာလမ်းအတိုင်း လျှောက်သွားရင်း သတင်းမှတ်တမ်း ယူခဲ့ကြောင်း ပြောပါတယ်။ လမ်းဘေးမှာ သွေးအလူးလူးနဲ့ လဲကျသေဆုံးနေသူတွေ၊ ဇောက်ထိုးကျွမ်းပြန် ဖြစ်နေတဲ့ ကလေးပုခက်တွေနဲ့ တခြား ဆိုးရွားလှတဲ့ မမေ့နိုင်စရာ ပုံရိပ်တွေကို သူမြင်ခဲ့ရကြောင်းလည်း ဇီဒက်ခ်က ဆိုပါတယ်။

ဇီဒက်ခ်က သူဟာ ရွာထဲကို အစောဆုံး ဝင်ရောက်နိုင်ခဲ့တဲ့ အစ္စရေး စစ်ကြောင်းရဲ့ ဦးစီး အရာရှိနဲ့လည်း စကားပြောခဲ့ပြီး ရွာထဲက တချို့အိမ်တွေထဲမှာ ဟားမားစ် အကြမ်းဖက်သမားတွေ ခိုအောင်းနေနိုင်ဆဲ ဖြစ်တာကို အဲဒီ အရာရှိက လှမ်းသတိပေးခဲ့ကြောင်းလည်း ပြောပြပါတယ်။

ကလေးအလောင်းတွေ အများအပြား တွေ့ရှိခဲ့တယ်ဆိုတဲ့ ကဖာအဇာ ကျေးရွာဟာ အစ္စရေး-ဂါဇာ နယ်စပ်နဲ့ မိုင်ဝက်လောက်သာ အကွာမှာ တည်ရှိနေပါတယ်။

ဟားမားစ်ရဲ့ အလစ်အငိုက် ကျူးကျော် တိုက်ခိုက်မှုကြောင့် စတင်ခဲ့တဲ့ စစ်ပွဲအတွင်း အစ္စရေးဖက်က အရပ်သား အများစု အပါအဝင် သေဆုံးသူ ၁၂၀၀ ကျော် ရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။