အောက်တိုဘာ၊ ၁၁
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း ဒေသကာကွယ်ရေးတပ်တွေရဲ့တိုက်ခိုက်မှုနဲ့ရင်ဆိုင်ခံရတဲ့ စစ်ကောင်စီတပ်က အမျိုးသမီးတဦးအပါအဝင်ဒေသခံနှစ်ဦးကိုသတ်ဖြတ်သွားတယ်လို့ ခင်ဦးအခြေစိုက် Royal Tiger Guerrilla Force တာဝန်ရှိသူတဦးကပြောပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ ခင်ဦးမြို့အနောက်ဘက် သုံးမိုင်ကျော်အကွာ ကံသာယာရွာက အသက် ၃၀ ဝန်းကျင် ကို ဖိုးခိုင်နဲ့မညိုပြာဆိုသူတို့ဖြစ်တယ်လို့သူကပြောပါတယ်။အဲ့ဒီဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က ဘယ်လို ဖမ်းဆီး သတ်ဖြတ်လိုက်တယ်ဆိုတဲ့အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ကာကွယ်ရေးတပ်တွေ တွေ့ရှိရတဲ့ရုပ်အလောင်းအခြေအနေအရ မညိုပြာရဲ့နားမှာဝတ်ဆင်ထားတဲ့ နားကပ်တွေ လည်း ဓားနဲ့လှီး ဖြတ်ယူသွားခံရတဲ့အခြေအနေရှိတယ်လို့ Royal Tiger Guerrilla Force တာဝန်ရှိသူကပြောပါ တယ်။သတ်ဖြတ် ခံရသူနှစ်ဦးရဲ့ရုပ်အလောင်းတွေကိုဒီကနေ့နေ့လယ်ပိုင်းမှာ သင်္ဂြိုလ်ပေးလိုက်ပြီလို့သိရပါတယ်။
ရေဦးမြို့ကနေ ခင်ဦးမြို့နယ်အတွင်းဝင်လာတဲ့ အင်အားတရာဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံ ကာ ကွယ်ရေးတပ်ဖွဲ့တွေက မနေ့က ကြားဖြတ်တိုက်ခိုက်မှုသုံးကြိမ်လုပ်ခဲ့ပြီးထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ဆိုပါ တယ်။
ခင်ဦးမြို့ အနောက်ဘက် ငါးမိုင်ကျော်အကွာ မြစ်တော်ကျေးရွာအထွက်ကနေ ခင်ဦးအထိ လမ်းတလျှောက် စစ် ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့တာလို့ Royal Tiger Guerrilla Force တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
“သူတို့စစ်ကြောင်းထိုးလာတာသိလို့ သွားစောင့်ပြီးတိုက်တာ”လို့ အဲ့ဒီတပ်ဖွဲ့တာဝန်ရှိသူက DNAကိုပြောပါတယ်။
ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သုံးဦးထက်မနည်းသေဆုံးသလို ထိခိုက်သူတွေလည်းရှိခဲ့တာကြောင့် ကံသာယာကျေးရွာအရှေ့ဘက် တောတွေထဲ ယာယီတပ်စွဲခဲ့ပြီး ဒေသခံနှစ်ဦးကို သတ်ဖြတ်ထားခဲ့တာလို့ ဖော်ပြ ထားပါတယ်။
ဒီတိုက်ပွဲမှာ ဗမာအမျိုးသားများတော်လှန်ရေးတပ် BNRA၊ဒေါင်းစစ်သည်၊ရောင်နီပြောက်ကျားတပ်ဖွဲ့ နဲ့ခင်ဦးမြို့ နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ)တို့ လည်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ Royal Tiger Guerrilla Force ရဲ့ ထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကတော့ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေနဲ့ တိုက်ပွဲအတွင်းထိခိုက်သေဆုံးမှုတွေကိုတော့ DNA ကသီးခြားအတည်မပြုနိုင်သေး သလို တခြား တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ဒီတိုက်ပွဲနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းပြီးချိန်က စလို့ ဒီကနေ့အထိ စစ်ကောင်စီလက်ချက်နဲ့သေဆုံးတဲ့ အရပ်သား ၄၁၄၅ဦး ရှိပြီး အဲ့ဒီအထဲက ၁၄၀၀ကျော်ဟာ ဖမ်းဆီးပြီးမှသတ်ဖြတ်ခံရတာလို့ ဖော်ပြထားပါတယ်။