ချင်းပြည်မှာ စစ်တပ်လက်ချက်ကြောင့် နှစ်နှစ်ခွဲကျော်အတွင်း လူ ငါးရာကျော် သေဆုံး

အောက်တိုဘာ၊ ၁၁

ချင်းပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးချိန်ကနေစလို့ အခုနှစ်အောက်တိုဘာလ ၁ ရက်အထိ နှစ်နှစ်ခွဲ ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ ချင်းအမျိုးသားပေါင်း ၅၂၈ ဦးအထိ ရှိခဲ့တယ်လို့ ချင်း ရေးရာအဖွဲ့ချုပ်(ICA)က ဒီကနေ့ ထုတ်ပြန်တယ်။

အဲဒီသေဆုံးခဲ့ရသူတွေအထဲမှာ လသားအရွယ်ကလေးငယ်၊ အမျိုးသမီးအပါအဝင် အရပ်သား ၂၁၇ ဦး ပါဝင်ပြီး စစ် ကောင်စီတပ်နဲ့ ချင်းအမျိုးသားများ ဒေသခံကာကွယ်‌ရေးတပ်တို့အကြား ဖြစ်ပွားတဲ့ ခုခံတိုက်ခိုက်မှုတွေကြောင့် သေဆုံးရသူဟာလည်း ၃၁၁ ဦး ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရပ်သားသေဆုံးမှုတွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ မတရား ဖမ်းဆီးကာ နှိပ်စက်၊ သတ်ဖြတ်မှု၊ အုပ်စုဖွဲ့အဓမ္မပြုကျင့်သတ်ဖြတ်မှုတို့ကြောင့်ဖြစ်ကြပြီး မြေမြှပ်မှိုင်းနှင်းမိခြင်း ကြောင့် သေဆုံးရသူအချို့လည်း ပါဝင်တယ်လို့လည်းဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ချင်းအမျိုးသားတို့ရဲ့ ခုံခံတော်လှန်စစ်ကို ဖိနှိပ်နှိမ်နှင်းနိုင်မှုမရှိတဲ့အတွက် စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားတွေကို မြေပြင်၊ ဝေဟင် သာလွန်အင်အားတွေ အသုံးပြုပြီး ဦးတည်တိုက်ခိုက်နေတာဖြစ်တယ်လို့ ICA က ဆိုပါတယ်။

အဲဒီလို အရပ်သားတွေနဲ့ သူတို့ရဲ့ ရွာ၊ နေအိမ်၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် ချင်းအမျိုးသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ အသက်ရှင်နေထိုင်ခွင့်၊ ပညာသင်ကြား ခွင့်၊ ကိုးကွယ်ခွင့်၊ ဘေးကင်းလုံခြုံစွာ နေထိုင်ခွင့်တို့ ဆုံးရှုံးနေရတယ်လို့လည်း ဆိုပါတယ်။

အဲဒီလုပ်ရပ်တွေဟာ စစ်အာဏာရှင်တွေ တလျှောက်လုံး သုံးလာခဲ့တဲ့ အကြမ်းဖက်ဗျူဟာ ဖြစ်ပြီး ပြည်သူတွေကို ရန်သူလို သဘောထားကာ စိတ်ဓါတ်ရေးရာကျဆင်းသွားအောင်လုပ်တာ ဖြစ်တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ဒုဝန်ကြီး ဒေါက်တာငိုင်းတမ် မောင်းက DNA ကို ပြောပါတယ်။

“ ပြည်သူတွေကြောက်လန့်အောင်ဆိုတဲ့ စစ်အာဏာရှင်တွေ တစ်လျှောက်လုံး သုံးလာတဲ့ အကြမ်းဖက်ဗျူဟာပါပဲ ပေ့ါ”လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ အ နိုင်ရခဲ့တဲ့ ချင်းအမျိုးသားလွှတ်တော်အမတ်လည်းဖြစ်တဲ့ ဒေါက်တာငိုင်းတမ် မောင်းက ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားတွေထဲမှာ ခြောက်လ၊ ခုနှစ်လ၊ လေး နှစ်၊ ဆယ် နှစ်၊ ၁၂ နှစ် စတဲ့ အရွယ်တွေပါဝင်ပြီး ၁၈ နှစ်အောက် ၂၄ ဦး၊ အမျိုးသမီး ၃၈ ဦး ပါဝင်ကာ ဘာသာရေးခေါင်းဆောင်အချို့လည်း ပါ ဝင်တာတွေ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ချင်းပြည်နယ်သို့ ထိုးစစ်ဆင်လာတဲ့အခါ လမ်းပြအဖြစ်၊ ဓါးစာခံအဖြစ် အရပ်သားတွေကို အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်လေ့ရှိပြီး အဲဒီလို ခေါ်ဆောင် ခံရသူဟာလည်း ၁၃၄ ဦးအထိ ရှိခဲ့တယ်လို့ အစီရင်ခံစာမှ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို သတ်ဖြတ်၊ တိုက်ခိုက်တာအပြင် ချင်းပြည်နယ်အတွင်းက အရပ်သား တ ထောင်ကျော်ကိုလည်း ဖမ်းဆီးခဲ့ပြီး လက်ရှိအချန်အထိ ငါးရာကျော် ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ ICA က ဆိုပါတယ်။

ခရစ်ယာန်ဘုရားကျောင်းနဲ့ ဘာသာရေးအဆောက်အဦးတွေ၊ လူနေအိမ်တွေအပါအဝင် အဆောက်အဦးပေါင်း ၂,၂၀၀ ကျော်ကိုလည်း စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

အဲဒီလို အရပ်သားနေအိမ်တွေကို မီးရှို့တာ၊ ရွာတွေအနီးနဲ့ အနီးတဝိုက်မှာ စခန်းချနေထိုင်တာ၊ ရွာထဲဝင်ပြီး လု ယက်၊ ဖမ်းဆီးတာ၊ အရပ်သားနေရာတွေဆီ ဗုံးကြဲ၊ လက်နက်ကြီးပစ်ခတ်တာတို့ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေရသူဟာလည်း တသိန်းနီးပါးရှိနေပြီလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတကာက တားမြစ်ထားတဲ့ ဥပဒေပြဌာန်းချက်နဲ့ လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက် တွေကို ထင်ထင်ရှားရှား ချိုးဖောက်နေတာဖြစ်ပြီး စစ်ကောင်စီရဲ့ ပြစ်မူများကို နိုင်ငံတကာဥပဒေအရ ပြင်းထန်စွာ အရေးယူနိုင်ရေးအတွက် တိကျတဲ့ သက်သေတွေ စုဆောင်းနိုင်ဖို့ အလွန်အရေးကြီးတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA)က ထောက်ပြထားပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်နိုင် ရင် ချင်းအမျိုးသားများသာမက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားများအားလုံးရဲ့ အခြေခံရပိုင် ခွင့် အခွင့်အရေးတွေ ဆက်လက် ဆုံးရှုံးနေမှာဖြစ်တယ်လို့လည်း ICA က ဆိုပါတယ်။

စစ်ကောင်စီတပ်က ကျူးလွန်တဲ့ အဲဒီပြစ်မှုတွေအတွက် ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံရစေဖို့ NUG အနေနဲ့ လုပ် ဆောင်သွားဖို့ရှိပြီး နိုင်ငံတကာအနေနဲ့လည်း ဝိုင်းဝန်းအသံထွက်၊ အားဖြည့်ပေးဖို့လိုအပ်တယ်လို့ NUG ဒုဝန်ကြီး တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသား ဒေါက်တာငိုင်းတမ်မောင်းက ပြောပါတယ်။

“ဟိုးအရင်ကတည်းက တိုင်းရင်းသားဒေသတွေမှာ ဒီဟာတွေကို ကျူးလွန်ခဲ့တာပေ့ါ။ အခုကတော့ အားလုံးက သိနေပြီ ပေ့ါလေ။ ဆိုတဲ့အခါကျတော့ သူတို့က ပြစ်ဒဏ်ကနေ ပြေးလွှတ်ဖို့ကတော့ နောက်ပိုင်း ခက်ခဲသွားမှာဖြစ် တယ်”လို့ သူက ဆိုပါတယ်။