စစ်တပ်ကျူးလွန်တဲ့ အစုလိုက် သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ခြောက်ရာနီးပါးရှိ

အောက်တိုဘာ၊ ၁၁
 
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ လက်ရှိအချိန်အထိ စစ်ကောင်စီတပ် ကျူးလွန်တဲ့ လူဆယ်ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း ၂၂ ခု မှာ သေဆုံးသူပေါင်း ခြောက်ရာနီးပါး ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်)ပါတီက ဒီကနေ့ ထုတ်ပြန်ပါတယ်။
 
” စစ်ကောင်စီက စစ်ရာဇဝတ်မှုပေါင်း မြောက်များစွာကို ကျူးလွန်ထားတယ်ဆိုတာ အခိုင်အမာ သက်သေတွေ ရထားပါတယ် ” လို့ ဒီချုပ်ပါတီ၊ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက DNA ကိုပြောပါတယ်။
 
စစ်ကောင်စီတပ်က ကလေးငယ်တွေအပါအဝင် လူပေါင်း ၂၉ ဦး သေဆုံးပြီး လူငါးဆယ်ကျော် ဒဏ်ရာရစေခဲ့တဲ့ KIO ဌာနချုပ် လိုင်ဇာအနီးက မုန်လိုင်ခက် စစ်ရှောင်စခန်းကို ဒီလ ၉ ရက်ညပိုင်းက တိုက်ခိုက်မှုအပြီး ဒီချုပ်ပါတီက အခုလိုထုတ်ပြန်လာတာပါ။
 
စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူတွေထဲမှာ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်တဲ့အပြင် သေဆုံးသူတွေဟာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာ၊ လေယာဉ်နဲ့ ဗုံးကြဲခံရတာအပြင် ဖမ်းဆီးပြီးမှ ပစ်ခတ်မီးရှို့သတ်ဖြတ်ခံသူတွေလည်း ပါဝင်ပါတယ်။
 
အဲ့ဒီလို သတ်ဖြတ်ခံရမှုတွေထဲမှာ စစ်ကိုင်းတိုင်းထဲက ၁၄ ခုနဲ့ အများဆုံးဖြစ်ပြီး ကချင်ပြည်နယ်ကတော့ ဖြစ်စဉ်သုံးခုနဲ့ ဒုတိယလိုက်ကာ၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီ (ကယား)ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာလည်း တခုစီရှိတယ်လို့ သိရပါတယ်။
 
အဲဒီဖြစ်စဉ် ၂၂ ခုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူ့အခွင့်အရေးမှတ်တမ်းများကောက်ယူရေးအဖွဲ့က မြေပြင်အခြေအနေ သိရှိသူတွေနဲ့ မျက်မြင်သက်သေတွေဆီကနေ စုံစမ်းအတည်ပြုချက် အခိုင်အမာ ရယူထားနိုင်ပြီးသား ဖြစ်စဉ်တွေလို့ သိရပါတယ်။
 
သေဆုံးသူ အများဆုံးဖြစ်စဉ်ကတော့ အခုနှစ် ဧပြီလ ၁၁ ရက်မှာ ဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲခံရမှုဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း ၁၆၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
” ကျူးလွန်တဲ့သူတွေ ကိုယ်တိုင်ကလည်း သူတို့ကျူးလွန်တဲ့ ပြစ်မှုတွေအပေါ်မှာ တချိန်ကျရင် ပြန်ပြီးတော့ အပြစ်ပေးခံရမယ်ဆိုတဲ့ စိတ်ခံစားချက်ကတော့ ရှိနေလိမ့်မယ် ” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ပြောပါတယ်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ စစ်ကောင်စီရဲ့ အခုလို စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေမှုတွေကို အပြစ်ပေး အရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
 
” နိုင်ငံတကာ အစိုးရတွေကိုရော၊ အဖွဲ့အစည်းတွေကိုရော ချိတ်ဆက်ပြီးတော့ စစ်ရာဇဝတ်မှုတွေ အမြန်ဆုံးရပ်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေပါတယ်။ အားလုံးကနေ စုပေါင်းပြီးတော့၊ တိုင်ပင်ပြီးတော့ ဖြေရှင်းရတဲ့ ကိစ္စရပ်ဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှုကတော့ နှောင့်နှေးတတ်ပါတယ် ” လို့လည်း ဦးဘိုဘိုဦးက DNA ကို ပြောပါတယ်။
 
အလားတူပဲ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်ထဲမှာလည်း အခု ၂၀၂၃ ခုနှစ်၊ မတ်လထဲမှာ စစ်ကောင်စီတပ်လက်ချက်နဲ့ လူသုံးဆယ်ထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပြီး အဲဒီဖြစ်စဉ် အခြေအနေကိုတော့ အသေးစိတ်သိရှိအောင် စုံစမ်းနေဆဲဖြစ်တယ်လို့ ဒီချုပ်ပါတီဘက်က ပြောပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ အခု အောက်တိုဘာလ ၁၀ ရက်အထိ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ အရပ်သား ၄,၁၀၀ ကျော်အထိ ရှိပြီလို့ သိရပါတယ်။
 
မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေအပါအဝင် နိုင်ငံတဝှမ်းမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့အတွက် အရေးယူမှုတွေ ပြုလုပ်ဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုကြပေမယ့် အခုအချိန်အထိ အရေးယူခံရမှုက ကင်းလွတ်နေဆဲဲဖြစ်ပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – KIO ဌာနချုပ်လိုင်ဇာအနီးက မုန်လိုင်ခက် စစ်ရှောင်စခန်းကိုဒီလ ၉ ရက်ညပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ သေဆုံးသူတွေကို မြေမြှပ်သဂြိုလ်နေစဉ်။