အောက်တိုဘာ၊ ၁၁
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မှာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပြီးနောက် အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး ပေကြီးရွာကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ ၉ ရက်နေ့က ဖြစ်တဲ့တိုက်ပွဲမှာ ဒီကောင်တွေ တော်တော်အထိနာသွားတယ်ပြောရမယ်။ အဲ့ဒါကြောင့် သူတို့အနီးအနားရွာတွေကို စစ်ကြောင်းလှည့်ထိုးနေပြီး ပေကြီးရွာကို မီးရှို့တဲ့ သဘောပေါ့ “ လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ဒါ့အပြင် ပေကြီးရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အနီးအနားကျေးရွာတွေကို ဆက်လက်စစ်ကြောင်းထိုးနေတာဖြစ်ပြီး မီးရှို့ခံရတဲ့ အိမ်ခြေအရေအတွက် အသေးစိတ်မသိရသေးဘူးလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ရက်က ငှက်ပျောတိုင်း ရွာသစ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက် အထိအခိုက်အကျအဆုံးတွေ ရှိခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ)၃၆၁ က စစ်သားနဲ့ပျူစောထီးအင်အား ပူးပေါင်းတရာကျော်ဟာ အောက်တိုဘာလ ၁၀ ရက် မနေ့က နေ့လယ် ၃ နာရီခန့်မှာ ငှက်ပျောတိုင်း ရွာသစ်ရွာရဲ့တောင်ဘက် ၆ မိုင်အကွာမှာရှိတဲ့ ပေကြီးရွာကို အခုလို မီးရှို့ခဲ့တာပါ။
အဲဒီစစ်ကြောင်းဟာ ရွှေဘို-မြစ်ကြီးနား လမ်းတလျှောက်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာ ဖြစ်လို့ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းကို အသုံးပြုနေတဲ့ ခရီးသွားတွေလည်း ခရီသွားရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၆ ရက်ကလည်း အဲဒီစစ်ကြောင်းဟာ အင်းလယ်ကြီးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာစဥ် စစ်ကြောင်းနဲ့တိုးတဲ့ ဒေသခံ ငါးဦးကို ဖမ်းဆီးခဲ့ကာ အသက်မပြည့်သေးတဲ့ ကလေးတဦးအပါအဝင် သုံးဦးကို ပြန်လွှတ်ပေးလိုက်ပြီး နှစ်ဦးကို သတ်ဖြတ်ခဲ့ပါသေးတယ်။
အဲဒီစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်ကစပြီး ကန့်ဘလူတောင်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်နေတာကြောင့် ကျေးရွာ ဆယ်ရွာက ဒေသခံ သောင်းကျော်ဟာ လက်ရှိချိန်ထိ နှစ်ပတ်ကျော်ကြာ စစ်ရှောင်နေရလို့ အမိုးအကာ၊ အစားအသောက်နဲ့ ဆေးဝါးအကူညီတွေ အရေးပေါ်လိုအပ်နေပါတယ်။
ဓာတ်ပုံ – ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအသင်း
ပုံစာ – စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဆူးတပ်ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့တာကို ၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်က တွေ့ရစဉ်။