အောက်တိုဘာ၊ ၁၁
Titanic သင်္ဘောပျက်ကို သွားရောက် လေ့လာရင်း ဖြစ်ရပ်ဆိုး ကြုံသွားခဲ့တဲ့ Titan ရေငုပ်သင်္ဘောငယ်ရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို ရေအောက် ကြမ်းပြင်မှာ ထပ်မံ ရှာတွေ့ပြီး ဆယ်ယူလာနိုင်ခဲ့ပါတယ်။
Titan ရေငုပ်သင်္ဘောဟာ ဇွန်လတုန်းက အတ္တလန္တိတ် သမုဒ္ဒရာ မြောက်ပိုင်းမှာ ကမ္ဘာကျော် Titanic သင်္ဘောပျက်ကြီးကို ဆင်းသက် လေ့လာရင်း ရေဖိအားဒဏ်ကြောင့် ပေါက်ကွဲထွက်ပြီး လိုက်ပါသွားသူ ၅ ဦးစလုံး သေဆုံးခဲ့ပါတယ်။ ဆိုးရွားလှတဲ့ မတော်တဆမှုဟာ အဲဒီတုန်းက နိုင်ငံတကာ မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်း သတင်းလည်း ဖြစ်ခဲ့ပါတယ်။
ရေအနက် ပေပေါင်း ၁၂၅၀၀ လောက်မှာ ဖိအားက မတန်တဆ မြင့်မားနေတာကြောင့် ရေငုပ်သင်္ဘောငယ် ပေါက်ကွဲထွက်သွားချိန်မှာ အစိတ်စိတ် အမြွှာမြွှာ ပျက်စီးသွားပါတယ်။ အစောပိုင်းအဆင့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ရေငုပ်သင်္ဘော အစိတ်အပိုင်း တချို့ကို ဆယ်ယူ ရရှိခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ နောက်ထပ် အပိုင်းအစ တချို့အပြင် လူ့ခန္ဓာကိုယ် ရုပ်ကြွင်းလို့ ယူဆရတဲ့ အစအနတွေကိုပါ ထပ်မံ ဆယ်ယူ ရရှိလာခဲ့ပါတယ်။
အဲဒီ အစိတ်အပိုင်းတွေ အားလုံးဟာ အောက်တိုဘာ ၁၀ ရက်မှာတော့ အမေရိကန်က ဆိပ်ကမ်း တခုဆီ ရောက်ရှိလာပြီး လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုတော့ ဆေးဖက်ဆိုင်ရာ ပညာရှင်တွေက တာဝန်ယူ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
OceanGate ကုမ္ပဏီက Titanကို စမ်းသပ်ဆဲ အဆင့်လို့ သတ်မှတ်ထားတဲ့တိုင် အဲဒီရေငုပ်သင်္ဘောလေးဟာ ဖြစ်ရပ်ဆိုး မတိုင်ခင်က Titanic သင်္ဘောပျက်ဆီ အကြိမ်တချို့ အောင်အောင်မြင်မြင် ငုပ်လျှိုး ဆင်းသက်ခဲ့ဖူးပြီးသား ဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ Ocean Gateရဲ့ အမှုဆောင်ချုပ် စတော့တန်ရက်ရှ်အပြင် ဗြိတိန် ဘီလီယံနာ သူဌေး လူစွန့်စား ဟာမစ်ရှ် ဟာဒင်း၊ ပါကစ္စတန်က စီးပွားရေး လုပ်ငန်းရှင် သားအဖ နှစ်ဦးနဲ့ ပြင်သစ် ရေတပ် ရေငုပ်သမားဟောင်း လမ်းပြ တဦးတို့ ပါဝင်ခဲ့ပါတယ်။
Titan ရေငုပ်သင်္ဘော နစ်မြုပ် ပျက်စီးမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ပြီး အသေးစိတ် ကြားနာမှုတွေကို အနာဂတ်မှာ အကောင်အထည် ဖော်လာနိုင်ဖို့ ရည်ရွယ်ကြောင်း အမေရိကန် ကမ်းခြေစောင့်တပ်က ပြောကြားထားပါတယ်။
Ref: BBC