“အရင်ရက်ကတော့ ဆီဈေးကကျတယ်၊ဆိုင်တွေက ဆီပြတ်တယ်ဘာညာနဲ့အရောင်းပိတ်တယ်၊ဒီနေ့ကျတော့ ဆီ ဈေးက ပြန်တက်သွားပေမယ့်ဆိုင်တွေကပြန်ဖွင့်တယ်၊သူတို့က ဆီဈေးကျတော့ အရောင်းပိတ်လိုက်တဲ့ သဘော ပဲ”လို့ ပုဇွန်တောင်မြို့နယ်က အငှားယာဥ်မောင်းတဦးကပြောပါတယ်။
အခုလဆန်းပိုင်းမှာ စက်သုံးဆီဈေးအနည်းငယ်ကျဆင်းခဲ့ပြီး အောက်တိုဘာ ၅ရက်ကနေ မနေ့ကအထိ ၉၂( အောက်တိန်း) ဓာတ်ဆီတလီတာကို ၁,၉၄၅ကျပ်၊၉၅ (အောက်တိန်း) ဓာတ်ဆီတလီတာ ကို ၂,၀၄၅ ကျပ်၊ရိုးရိုး ဒီဇယ်တလီတာကို ၂,၂၈၅ ကျပ်၊ပရီမီယမ်ဒီဇယ်တလီတာကို ၂,၂၆၅ ကျပ်ရှိခဲ့ပါတယ်။
ဒီလိုဈေးနှုန်းကျဆင်းနေတဲ့ ရက်တွေအတွင်း စက်သုံးဆီအရောင်းဆိုင်တွေက ဆီပြတ်လပ်နေပြီလို့ဆိုကာ အ ရောင်းပိတ်ထားတာ၊အကန့်အသတ်နဲ့သာရောင်းပေးတာမျိုးတွေကြောင့် လိုအပ်သလောက်ဝယ်မရခဲ့ဘူးလို့ ရန် ကုန်မြို့ခံတွေကပြောပါတယ်။
ဆီဆိုင်တွေက အဲ့ဒီလို ကန့်သတ်ရောင်းချတာ၊အရောင်းပိတ်တာတွေကြောင့် စက်သုံးဆီဝယ်ယူရရှိနိုင်ဖို့အတွက် တဆိုင်ပြီးတဆိုင် သွားရောက်ဝယ်ယူဖို့ကြိုးစားရတာ၊ရောင်းပေးတဲ့ဆိုင်တွေမှာလည်း အချိန်ကြာကြာ တန်းစီ စောင့်ဆိုင်းဝယ်ယူရတာတွေကြုံခဲ့ရပြီး အခက်တွေ့ခဲ့ကြတယ်လို့ဆိုပါတယ်။
“95ပဲရောင်းပေးတယ် ဆီဈေးကျတော့၊95ကျတော့ ကျွန်တော်တို့ဘယ်လိုကိုက်မှာလဲထည့်မောင်းရင်၊ဖွင့်တဲ့ ဆီ ဆိုင်တွေမှာ တန်းစီလိုက်ရတာရမလားလို့၊ ပြီးတော့အချိန်ကုန်ပြီးမရတော့၊ အချိန်ကုန်တယ်၊ အုံနာခလည်း အိတ် စိုက်ရတာပေါ့လို့”ပုဇွန်တောင် ocean ဂိတ်မှာ ထိုးတဲ့ အငှားယာဥ်မောင်းတဦးကပြောပါတယ်။
ဒါပေမယ့် ဒီနေ့မှာတော့ စက်သုံးဆီဈေးတွေပြန်လည်မြင့်တက်လာသလို အရောင်းဆိုင်တွေကလည်း ပုံမှန် အတိုင်းပြန်ရောင်းလာကြတယ်လို့ပြောကြပါတယ်။
ဒီကနေ့ပေါက်ဈေးတွေအရ ၉၂ ( အောက်တိန်း) ဓာတ်ဆီတလီတာကို ၂,၀၁၅ကျပ်၊၉၅ (အောက်တိန်း) ဓာတ်ဆီ တလီတာ ကို ၂,၁၁၅ ကျပ်၊ရိုးရိုး ဒီဇယ်တလီတာကို ၂,၃၁၀ ကျပ်၊ပရီမီယမ်ဒီဇယ်တလီတာကို ၂,၃၅၀ကျပ်ရှိနေပါ တယ်။
“သူတို့က သက်သက်ညစ်တဲ့သဘောပဲဗျ၊သီလဝါမှာဆို ဆီကလိုသလောက်ရတယ်လေ၊အဲ့ဒါကို ဈေးကျတာနဲ့ အ ရောင်းပိတ်တာ၊ဆီဈေးတက်တာနဲ့ ဆိုင်ဖွင့်ပေးတယ်ဆိုပေမယ့် ခုက ဆီက လိုသလောက်ရတယ်ဆိုပေမယ့် နည်း နည်းတန်းစီနေရသေးတယ်ဗျ၊နောက်နှစ်ရက်လောက်နေလို့ ဆီဈေးပြန်တက်တာနဲ့ သူတို့ အရင်အတိုင်း အရောင်း ဖွင့်လိမ့်မယ်”လို့ ဒလမြို့နယ်က ကားဝယ်ရောင်းလုပ်ကိုင်သူတဦးကလည်းပြောပါတယ်။
ပြီးခဲ့ရက်ပိုင်းက ရန်ကုန်မြို့တွင်းမှာတောင် စက်သုံးဆီလိုသလောက်ဝယ်မရခဲ့ပေမယ့် ဒီကနေ့မှာတော့ ရန်ကုန် ကနေ ပဲခူးမြို့ကို သွားရာလမ်းတလျှောက် ဆီအရောင်းဆိုင်တွေပုံမှန်ဖွင့်လှစ်ရောင်းချနေကြတာတွေ့ရတယ်လို့ ရေဘေးသင့်ပဲခူးဒေသခံတွေကိုသွားရောက်ကူညီခဲ့တဲ့ရန်ကုန်မြို့ခံ အမျိုးသမီးတဦးကပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း ဒေသအနှံ့မှာ စက်သုံးဆီပြတ်လပ်တာ၊ဈေးနှုန်းမြင့်တက်တာတွေ ကြုံနေ ရသလို အခုလို ဈေးနှုန်းအပြောင်းအလဲအပေါ်မူတည်ပြီး ဆီဆိုင်တွေဘက်က လိုသလို ရောင်းချနေတာတွေလည်း မကြာမကြာဖြစ်နေတာလို့ စက်သုံးဆီသုံးစွဲသူတွေက ဝေဖန်ကြပါတယ်။