ရေးမြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ခံရ

အောက်တိုဘာ၊ ၁၀

မွန်ပြည်နယ်၊ ရေးမြို့ပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ရေးဘီလူးအဖွဲ့က အောက်တိုဘာလ ၁၀ ရက်၊ ဒီကနေ့ မနက် ၉ နာရီခွဲခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးကို ပစ်ခတ်ခဲ့လို့ ဒဏ်ရာရရှိပြီး စိုးရိမ်ရတယ်လို့ ပစ်ခတ်ခဲ့တဲ့အဖွဲ့နဲ့ ဒေသခံတွေထံက သိရပါတယ်။

“ကျွန်တော်တို့ (အောင်သုခရပ်ကွက်) မြသီတာဈေးအနီးမှာ ပျူခေါင်းဆောင်ကို ရှင်းလင်းခဲ့တယ်။ 9 MM (ကိုးမမ) သုံးချက် ပစ်လိုက်တယ်။” လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရတဲ့သူဟာ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးလွင်ဖြစ်ပြီး  အလုပ်ကနေ နေအိမ်ကို ပြန်လာချိန်  ဆိုင်ကယ်နဲ့ လာတဲ့ ရေးဘီလူးအဖွဲ့က ပစ်ခတ်မှုကြောင် ကျောကုန်းနဲ့ ဝမ်းဗိုက်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက်ရရှိခဲ့ပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“ တယောက်ထဲ ပြန်လာတာ ဆိုင်ကယ်နဲ့ အဲနားတော့ လူနည်းနည်းပြတ်တယ်။ သေနတ်နဲ့ သုံးချက်၊ လေးချက်ပစ်ပြီးတော့ ထွက်ပြေးသွားတယ်။ လူငယ်ပိုင်းတွေပဲ ပစ်သွားတာ။” လို့ မြို့ခံတဦးက  ပြောပါတယ်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကတော့ အုပ်ချုပ်ရေးမှူး ဦးအေးလွင်ဟာ စစ်ကောင်စီအလိုကျ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ပေးနေသလို ပျူခေါင်းဆောင် တဦးလည်းဖြစ်တဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ အုပ်ချုပ်ရေးမှူးဆိုမှတော့ အာဏာပိုင်တွေနဲ့ သွားလာတာရှိတယ်ပေါ့၊ တချို့နေရာတွေမှာ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးတာမျိုးတော့ ရှိတယ်။ တခြားကိစ္စ သူဘာလုပ်လည်းတော့ မပြောတက်ဘူး။” လို့ အထက်ပါမြို့ခံက ပြောပါတယ်။

အဲဒီပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက အခင်းဖြစ်ရပ်နေရာကို ရောက်ရှိလာပြီး ရှာဖွေပိတ်ဆို့စစ်ဆေးတာ တွေ လုပ်ဆောင်ခဲ့ပေမယ့် ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ စစ်ဆေးတာတွေ မရှိတော့ဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

ရေးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့စစ်အဖွဲ့တွေကို ရေးဘီလူးအဖွဲ့က မကြာခဏပစ်ခတ်ရှင်းလင်းတာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်ကလည်း ရေးမြို့ပေါ် စစ်တပ်ပိုင် မြဝတီဘဏ်ကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေကို ရေးဘီလူးအဖွဲ့က သွားရောက်ပစ်ခတ်ခဲ့လို့ နှစ်ဦးသေဆုံးခဲ့ပါသေးတယ်။

ဒါအပြင် စက်တင်ဘာလ ၃၀ ရက်ကလည်း ရေးမြို့နယ်၊ ကံလှကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးတဦး လိုက်ပါ စီးနင်းလာတဲ့ကားပစ်ခတ်ခံရလို့ ဗိုလ်ကြီးတဦးနဲ့ အရပ်သားနှစ်ဦးသေဆုံးကာ အမျိုးတဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်တပ်အာဏာသိမ်းတဲ့အချိန်ကနေ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၈၂၅ ဦးအပါအဝင် လူပေါင်း ၆,၀၉၁ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက ဇူလိုင်လကုန်က ထုတ်ပြန်ထားပါတယ်။