စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူတွေအတွက် လိုင်ဇာမှာဆုတောင်းပွဲပြုလုပ်

အောက်တိုဘာ၊ ၁၀

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မုန်လိုင်ခက်စစ်ရှောင် စခန်း လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ ထိခိုက်သေဆုံးသွားတဲ့သူတွေကို ဒီကနေ့  အောက်တိုဘာ ၁၀ ရက် မွန်းလွဲပိုင်းက လိုင်ဇာမြို့မှာ နေ့ချင်းပြီးသဂြိုလ်ပြီး ဆုတောင်းပွဲတခုကျင်းပပြုလုပ်ခဲ့ကြပါတယ်။

မုန်လိုင်ခက်စစ်ရှောင်စခန်းကို အောက်တိုဘာလ ၉ ရက် ည ၁၁ နာရီကျော်ခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၁၆ နှစ်အောက်ကလေးငယ် ၁၁ ဦးအပါအဝင် ၂၉ ဦးအထိသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ၅၇ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီးလိုင်ဇာမြို့မှာ ဆေးကုသမှုဆက်လက်ခံယူနေရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူကပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ အရပ်သားတွေကိုအစုလိုက်သေစေနိုင်တဲ့ ဗုံးသီးနဲ့ကြဲချတိုက်ခိုက်မှုဖြစ်တယ်လို့ လည်း ကေအိုင်အေပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက DNA ကိုပြောဆိုထားပါတယ်။

ဒီလိုမျိုး စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုအပေါ်မှာ ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချမှုတွေ ရှိနေသလို ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါအပြင် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်နေတဲ့ ၇၈ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးတခုမှာ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုအကြောင်းကိုလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ထားပါတယ်။