ကြီးကြီးမားမား တခုခု ဖြစ်တော့မယ်ဆိုတဲ့ သတိပေးမှုတွေကို အစ္စရေး မျက်ကွယ်ပြုခဲ့ကြောင်း အီဂျစ်ပြော

အောက်တိုဘာ၊ ၁၀

တခုခု ကြီးကြီးမားမား ဖြစ်လာတော့မယ့် အရိပ်အယောင်တွေအကြောင်း အကြိမ်ကြိမ် ကြိုတင် သတိပေးခဲ့ပေမယ့် အစ္စရေးဖက်က မျက်ကွယ် ပြုထားခဲ့ကြောင်း အီဂျစ် ထောက်လှမ်းရေးက ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်က ဂါဇာ ကမ်းမြှောင်ဒေသ အခြေစိုက် ဟားမားစ် စစ်သွေးကြွတွေက အင်အား အလုံးအရင်း အသုံးပြုပြီး အစ္စရေး တောင်ပိုင်းက မြို့ရွာတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေး နိုင်ငံသား ၆၀၀ ထက်မနည်း သေဆုံးခဲ့ပြီး အရှေ့အလယ်ပိုင်း ဒေသမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် စတင်လာခဲ့ပါတယ်။

ဒီကိစ္စမှာ အရေးကြီးတဲ့ မေးခွန်းတခုက အခုလို အင်အားကြီးမားလှတဲ့ စစ်ဆင်ရေးကြီးကို ဟားမားစ်တွေက ကြိုတင် စီစဉ်နေခဲ့တာနဲ့ ပတ်သက်လို့ နာမည်ကြီး မော့ဆက်ဒ် အပါအဝင် အစ္စရေး ထောက်လှမ်းရေး အေဂျင်စီတွေက လုံးဝ သတင်းမရခဲ့ဘူးလား ဆိုတာပါပဲ။ အစ္စရေး အစိုးရကတော့ ဒီလို ဆိုးရွားလှတဲ့ လစ်ဟာမှုအပေါ် စုံစမ်းစစ်ဆေးမှုတွေ အစပြုနေပြီလို့ ပြောပါတယ်။

အစ္စရေး ထောက်လှမ်းရေးတွေအတွက် ဘူးလေးရာ ဖရုံဆင့်စေမယ့် အခြေအနေ တခုအဖြစ် အီဂျစ် ထောက်လှမ်းရေးက အခုလို ကိစ္စမျိုးကြီး ကြုံလာနိုင်တဲ့ အလားအလာကို ကြိုတင် သတိပေးပေမယ့် အစ္စရေးတွေက အကြိမ်ကြိမ် ပေါ့ပေါ့ဆဆ မျက်ကွယ်ပြုခဲ့ကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။

ဟားမားစ်တွေရဲ့ သိုသိပ်မှုကြောင့် ဘယ်လို ကိစ္စမျိုးကို ကြိတ်ကြံနေမှန်း မသိခဲ့ပေမယ့် ဂါဇာမှာ ကြီးကြီးမားမား တခုခု ဖြစ်လာတော့မယ်ဆိုတဲ့ အထောက်အထားတွေကိုတော့ ရှုထောင့် ပေါင်းစုံကနေ မြင်တွေ့ခဲ့ကြောင်း၊ ဒါကြောင့် နိုင်ငံတွေရဲ့ ထောက်လှမ်းရေး ဌာန အချင်းချင်း ချိတ်ဆက်ပြီး သတင်းအချက်အလက် မျှဝေ သတိပေးခဲ့ပေမယ့် အချည်းနှီးသာ ဖြစ်ခဲ့ကြောင်း အီဂျစ် အာဏာပိုင်တွေက ပြောပါတယ်။

အီဂျစ်ဟာ အရင်ကတည်းက အစ္စရေးနဲ့ ဟားမားစ်ကြားက လက်နက်ကိုင် ပဋိပက္ခတွေမှာ ကြားဝင် ဖျန်ဖြေသူအဖြစ် အကြိမ်ကြိမ် ကူညီ ဆောင်ရွက်ပေးခဲ့ဖူးပါတယ်။ အီဂျစ်က ကြီးကြီးမားမား ကိစ္စတခု ဖြစ်လာနိုင်ခြေကို သူတို့ ဘယ်လို အထောက်အထားတွေ ရရှိခဲ့သလဲ ဆိုတာကိုတော့ အကျယ်တဝင့် ရှင်းမပြခဲ့ပါဘူး။

အစ္စရေးရဲ့ မော့ဆက်ဒ် ထောက်လှမ်းရေး ဌာနဟာ အရှေ့အလယ်ပိုင်းမှာ ထောက်ပံ့မှု အားအကောင်းဆုံး၊ အစွမ်းအထက်ဆုံး အေဂျင်စီအဖြစ် သတ်မှတ် ခံရပြီး အရင်ကလည်း ဟားမားစ် စစ်ဦးစီးတွေ အပါအဝင် အရေးပါတဲ့ ရန်သူ့ ခေါင်းဆောင်တွေကို စနစ်ကျပြီး ထိရောက် ထက်မြက်လှတဲ့ စစ်ဆင်ရေးတွေနဲ့ ကြိုတင် ရှင်းလင်းပြခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတကြိမ် စစ်ဆင်ရေးကြီးမှာ မော့ဆက်ဒ်က ဟားမားစ်တွေ ဆင်ကြံကြံနေခဲ့တာကို ဘာမှ ကြိုမသိခဲ့ဘူးလားဆိုတဲ့ မေးခွန်းက ဖြေရ အရမ်းခက်နေဟန် ရှိပါတယ်။

ဟားမားစ်ဖက်က သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ပါလက်စတိုင်း ပြောက်ကျားတွေဟာ အောက်တိုဘာ ၇ ရက်က အစ္စရေး ပိုင်နက်ကို ဒုံးကျည် အစင်းပေါင်း ထောင်နဲ့ချီ ပစ်ခတ်ပြီး တပြိုင်တည်းမှာ မြေပြင်ထိုးစစ်ကြီး ဆင်နွှဲမယ့် အစီအမံတွေကို ၂ နှစ်လောက် အချိန်ယူပြီး သိုသိုသိပ်သိပ် ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။

 

Ref: Time of Israel