သံအမတ်ကြီးဟောင်း သတ်ဖြတ်မှု သံသယ တရားခံ မြန်မာလူငယ်ကို ထိုင်းရဲတပ်ဖွဲ့ ဝရမ်းထုတ်

အောက်တိုဘာ၊ ၁၀

ဘန်ကောက်မြို့မှာ အငြိမ်းစား ထိုင်းသံအမတ်ဟောင်းကို သတ်ဖြတ်ခဲ့ကြောင်း ယုံကြည်ရတဲ့ ဆယ်ကျော်သက် မြန်မာ လူငယ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ဝရမ်းထုတ်ထားလိုက်ပါတယ်။

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် အမှုထမ်းခဲ့ဖူးသူ အသက် ၆၃ နှစ်အရွယ် ဝီချစ် ချစ်ဝီမန်ရဲ့ အလောင်းကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကမှ ရှာတွေ့ခဲ့တာပါ။ သူဟာ ချာတူချက် ရပ်ကွက်မှာရှိတဲ့ နေအိမ်မှာ ဓားနဲ့ ရက်ရက်စက်စက် ထိုးသတ် ခံရလို့ သေဆုံးနေခဲ့ကြောင်း ရဲတွေက ပြောပါတယ်။ လူသတ်မှုရဲ့ တရားခံဟာ အလောင်းကို နေအိမ် ပထမထပ်ကနေ ဒုတိယထပ် အိမ်သာထဲ ရွှေ့ပြောင်း သယ်ယူပြီး ဖုံးကွယ်ထားခဲ့ကြောင်း၊ အလောင်းမှာ ဓားဒဏ်ရာ သုံးချက် တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

နောက်ဆက်တွဲ စုံစမ်းမှုတွေအပြီး လူသတ်မှုရဲ့ အဓိက သံသယ တရားခံအဖြစ် အသက် ၁၉ နှစ်အရွယ် မြန်မာလူငယ် စိုင်းမြတ်မိုင်ကို ထိုင်းရဲတပ်ဖွဲ့က အာရုံစိုက်မိလာခဲ့ပါတယ်။ သူဟာ တဦးတည်း နေထိုင်သူ သံအမတ်ကြီးဟောင်းရဲ့ အိမ်မှာ အလုပ်လုပ်ခဲ့ဖူးပြီး အခုအခါမှာတော့ နယ်စပ်ဖြတ်ပြီး မြန်မာဖက်ကို ပြန်ရောက်နေပြီလို့ ဆိုပါတယ်။

သံအမတ်ကြီးဟောင်းဟာ အခင်းဖြစ်ပွားရာ နေအိမ်ကို စက်တင်ဘာ ၉ ရက်မှာ စတင် ပြောင်းရွှေ့ခဲ့ပြီး စိုင်းမြတ်မိုင်က စက်တင်ဘာ ၁၉ ရက်နေ့ ကတည်းက နေအိမ် မွမ်းမံပြီး ဆေးသုတ်ဖို့ လာရောက် အလုပ်လုပ်ပေးနေခဲ့တယ်လို့ ဆိုပါတယ်။ မူလက သေဆုံးသူရဲ့ မိုဘိုင်းဖုန်းတွေ၊ တက်ဘလက် ကွန်ပျူတာတွေ ပျောက်ဆုံးနေတာကြောင့် ဓားပြတိုက် လူသတ်မှုအဖြစ် ရဲတွေက ယူဆခဲ့ပါတယ်။

ဒါပေမဲ့ စိုင်းမြတ်မိုင်က လူသတ်မှု ဖြစ်ပွားရာ နေအိမ်နဲ့ သိပ်မဝေးတဲ့ စူပါမားကက် တခုရဲ့ ATM စက်ကနေ ဂဏန်းခြောက်လုံးစာလောက် များထားတဲ့ ထိုင်းဘတ်ငွေတွေ ထုတ်ယူသွားကြောင်း စုံထောက်တွေက ခြေရာခံမိလာတယ်လို့ Thaiger သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဲဒီကိစ္စနောက်ပိုင်း သူက ပျောက်ချင်းမလှ ပျောက်ကွယ်နေခဲ့ပါတယ်။

ရဲတွေက သံသယ တရားခံဟာ စက်တင်ဘာ ၂၈ ရက်မှာ သံအမတ်ကြီးကို မသတ်ဖြတ်ခင်မှာ ဘဏ်ကတ်နဲ့ ငွေထုတ်တဲ့ လျှို့ဝှက် ကုတ်ဒ်နံပါတ်တွေကို ခြိမ်းခြောက် တောင်းယူခဲ့တယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။ သူဟာ ငွေထုတ်ပြီးတဲ့နောက် မြန်မာနဲ့ နယ်နိမိတ် ထိစပ်နေရာ ချင်းရိုင်ဒေသဆီ ဘတ်စ်ကားစီးပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ ပြီးတော့ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ မယ်ဆိုင် နယ်စပ်ဂိတ်ကနေတဆင့် မြန်မာဖက်ခြမ်းကို ဝင်ရောက်သွားတယ်လို့လည်း စစ်ဆေး တွေ့ရှိထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ လူသတ်မှု မဖြစ်မီနဲ့ ဖြစ်ပွားပြီး အခြေအနေတွေအတွက် စုဆောင်း ရရှိထားသမျှ သဲလွန်စတွေကို အောက်တိုဘာ ၉ ရက်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ သံသယ တရားခံကို ​ဝရမ်းထုတ်ပြီး ဖမ်းဆီးနိုင်ဖို့အတွက် ထိုင်းရဲတွေက နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)ကို ချိတ်ဆက် အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။

 

Ref: Thaiger