ရေလွှမ်းနေတဲ့ ပဲခူးမှာ နေအိမ်တွေထဲ ပိတ်မိပြီး အကူအညီမရသူတွေရှိနေ

အောက်တိုဘာ၊ ၁၀
 
ရေကြီးရေလျှံနေတဲ့ ပဲခူးမြို့မှာ ပဲခူးမြစ်ရေက စိုးရိမ်ရေအမှတ် ကျော်လွန်နေသေးသလို ရပ်ကွက်တချို့မှာ ပိတ်မိနေသူတွေလည်း ရှိနေသေးတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။
 
“ ရေနစ်မြုပ်တဲ့ ဧရိယာက နည်းနည်းကျယ်တော့ အဖွဲ့စုံနဲ့ သွားတော့လည်း အလျဉ်မမှီဘူး၊ ကူညီနိုင်သလောက်တော့ ကူညီခဲ့တယ်၊ ကျန်တဲ့အိမ်တွေတော့ ကျန်နေသေးတယ်ဗျ ” လို့ ဟံသာဝတီ(မွန်)လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
ရပ်ကွက်ကျေးရွာတွေထဲ ပိတ်မိနေသူတွေကို ဒီကနေ့မှာ လူမှုကူညီရေးအသင်းတွေ၊ ပရဟိတအဖွဲ့အစည်းတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေက ဦးစားပေးအနေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။
 
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြို့မှာ စိုးရိမ်ရေအမှတ်ကျော်လွန်ပြီး မြို့နယ်တခုလုံးနီးပါး အောက်တိုဘာလ ၈ ရက်ကစပြီး ရေကြီးရေလျှံခဲ့တာကြောင့် လူဦးရေသုံးသောင်းနီးပါး ခိုလှုံရေးစခန်းတွေမှာ ယာယီနေထိုင်နေကြရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေက DNA ကို ပြောထားပါတယ်။
 
ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာလည်း ပဲခူးမြို့တွင်းမှာ ရေတလက်မလောက်သာ ကျဆင်းခဲ့ပြီး စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေတာလို့ ကူညီကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောကြပါတယ်။
 
“ တညလုံးလည်း မိုးက မရွာထားတော့ နည်းနည်းကောင်းတာပေါ့လေ၊ ဒီညနေအထိတော့ တချက်စောင့်ကြည့်ရအုန်းမယ် ” လို့ မေတ္တာရွှေစင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
လက်ရှိယာယီရေဘေးရှောင်စခန်းတွေမှာ တိမ်းရှောင်နေတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် အစားအသောက် ပို့ပေးဖို့ လွယ်ကူပေမယ့် နေအိမ်တွေအတွင်း ပိတ်မိနေသူတွေအတွက် ရေနဲ့ အစားအစာပို့ပေးရာမှာတော့ အခက်အခဲတွေ ရှိနေတယ်လို့ မြေပြင်ကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။
 
“ တော်တော်မြုပ်နေတာလေ၊ တချို့နေရာ လူနှစ်ရပ်စာလောက်ရှိတယ်၊ အဓိက လှေကို အားကိုးရတယ်၊ လှေကလည်း လုံလောက်မှု မရှိနေတော့ ပိုဆိုးတာပေါ့ ” လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ဒါ့အပြင် ရေကြီးရေလျှံနေတဲ့ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့မှာလည်း အခြေခံပညာကျောင်းပေါင်း ၁၅ ကျောင်းထက်မနည်းကို ပိတ်ထားရတယ်လို့ ဆိုပါတယ်။
 
အခုရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း ပဲခူးမြို့၊ မှော်ဂန်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၆၀ နှစ်အရွယ် အမျိုးသားတဦး ရေနစ်သေဆုံးခဲ့ပြီး နေအိမ်အဆောက်အဦ၊ လမ်းတံတားတွေလည်း ပျက်စီးဆုံးရှုံးတာတွေ ရှိပေမယ့် အခြေအနေ အသေးစိတ်ကိုတော့ မသိနိုင်သေးဘူးလို့ မြေပြင်ကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။
 
ဒါဟာ ပဲခူးမြို့မှာ နှစ်ပေါင်း ၅၈ နှစ်အတွင်း အကြီးမားဆုံး ရေကြီးရေလျှံမှုဖြစ်ပြီး စစ်ကောင်စီအနေနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာ ရဲ၊ စစ်သားနဲ့ ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြတယ်လို့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် မိုးရွာသွန်းမှုနဲ့ ပဲခူးမြစ်ရေကြီးတာကြောင့် ပဲခူးမြို့ ရေကြီးရေလျှံမှုဖြစ်စဉ်မှာ ရေဘေးဒုက္ခသည် တသောင်းသုံးထောင်ကျော်ကို ယာယီကယ်ဆယ်ရေးစခန်း ၃၀ ကျော်မှာ နေရာချပေးထားတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
 
“ မြေပြင်မှာက သူတို့ (စကစ)ပြောတာထက်တော့ အမြဲတမ်း များနေတာပဲ၊ သူတို့ကျန်ခဲ့တာလည်း ပါမှာပေါ့လေ၊ ဒီမှာတောင် စားသောက်ဖို့ ချက်ပြုတ်နေတုန်းပဲ၊ ခဏနေကျရင်တော့ စားစရာတွေ သွားပို့ရတော့မယ်၊ အကူအညီကတော့ အများကြီးလိုအပ်တယ် ” လို့ ရေဘေးသင့်ပြည်သူတွေကို ထမင်းဟင်း ချက်ပြုတ်ဝေငှပေးနေသူတဦးက ပြောပါတယ်။
 
မိုးလေဝသသတင်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ ဦးဝင်းနိုင်ကတော့ မြန်မာတနိုင်ငံလုံးမှာ ဒီရက်ပိုင်းအတွင်း ပျှမ်းမျှအားဖြင့် မိုးရေချိန် ၂၅ မီလီမီတာလောက်အထိ ဆက်လက်ရွာသွန်းနိုင်ပြီး ရှမ်း၊ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ကရင်နဲ့ မွန်ပြည်နယ်မှာ မိုးရေချိန်စုစုပေါင်း ၅၀ မီလီမီတာမှ ၇၅ မီလီမီတာအထိ ရွာသွန်းနိုင်တယ်လို့ အသိပေးထားပါတယ်။
 
ဒါ့အပြင် ရေကြီးရေလျှံနေတဲ့ ပဲခူးနဲ့ လှည်းကူးမြို့တွေမှာလည်း ဒီနေ့မှာ မိုးနည်းသွားပေမယ့် နောက်ရက်တွေမှာ မိုးပြန်များလာနိုင်တဲ့အတွက် အဲဒီဒေသမှာ နေထိုင်သူတွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ သတိထားကြဖို့ အသိပေးထားပါတယ်။
 
ဓာတ်ပုံ – ကိုထင်ကျော်၊ ပဲခူး MFSD (ရှာ/ကယ်အဖွဲ့)