စက်တင်ဘာ၊ ၁၅
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ကို စက်တင်ဘာလ ၁၄ ရက်၊ မနေ့က မနက် ၃ နာရီခန့်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေနဲ့ ဒေသခံတွေ သေဆုံးမှု ရှိသလို အဖမ်းခံရတာလည်း ရှိခဲ့ပါတယ်။
“ အသတ်ခံရတဲ့ ဒေသခံတွေလည်း ရှိတယ်။ PDF အလောင်းတွေလည်း ရေထဲမျောနေတာတွေ ရှိတယ် ” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ မြင်းမူဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ထောက်ခံ Telegram ချန်နယ်တွေမှာတော့ မြင်းမူမြို့နယ်၊ ညောင်ရင်းကျေးရွာ အနီး စစ်ကြောင်းထိုးရာမှာ PDF အလောင်း လေးလောင်း၊ လက်လုပ်သေနတ် တလက် ၊ ၁၂ ဗို့ကျည် ခုနှစ်တောင့်၊ ပျောက်ကြား ယူနီဖောင်း အစုံငါးဆယ်၊ ဟန်းကော လေးဆယ် သိမ်းဆည်းရမိတယ်လို့ ရေးသားထားပါတယ်။
အင်အားနှစ်ရာကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်း လေးကြောင်းခွဲပြီး မြင်းမူမြို့၊ ထိန်ပင်၊ ရွာသစ်ကြီးနဲ့ ညောင်ရင်းကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့လို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ရှောင်တိမ်းခဲ့ရပါတယ်။
အဲဒီစစ်ကြောင်းထိုးချိန်အတွင်းမှာ ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တချို့နဲ့ ဒေသခံတချို့ သေဆုံးမှုရှိသလို ဒေသခံတွေလည်း ဖမ်းဆီးခံရတာ ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။
လက်ရှိမှာ အဲဒီစစ်ကြောင်းက ကျေးရွာအတွင်းမှာ ရှိနေတာကြောင့် အခြေအနေအသေးစိတ်ကိုတော့ အတည်ပြုလို့ မရသေးဘူးလို့ ဆိုပါတယ်။
” အခုလောလောဆယ်တော့ ကျွန်တော်တို့ အသေးစိတ်မသိရသေးဘူး။ စစ်ကြောင်းတွေက ရွာထဲပဲ ရှိသေးတယ် ” လို့ အဲဒီဒေသခံက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းကြောင့် နီးစပ်ရာ တောတောင်တွေမှာ စစ်ဘေးရှောင်နေရတဲ့ သူတွေအတွက် အစားအသောက်နဲ့ ဆေးဝါးအပါအဝင် အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
“ ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်း ဝင်လာတော့ မဝင်ခင်ကတည်းက ရှောင်နေတဲ့ ရွာတွေလည်း ရှိတယ်။ တောထဲမှာ ရှောင်နေရတော့ အစာရေစာပြတ်လပ်တာတွေလည်း ကြုံနေရတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဓာတ်ပုံ – Social Media