အရာတော် နောင်ကြီးအိုင်ရွာမှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ပစ်ခတ်

စက်တင်ဘာ၊ ၁၅
 
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မြောက်ခြမ်းက နောင်ကြီးအိုင်ရွာမှာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့ကြပြီး စစ်ကောင်စီက MI-35 ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
 
“ နောင်ကြီးအိုင်ကျေးရွာအနီးကို သူတို့က ဦးတည်ပြီး ပစ်တာ၊ မနက်ရှစ်နာရီလောက်က၊ အဲ့အချိန်လောက် သူတို့ ပစ်ခတ်တာ သိပ်မကြာဘူး၊ ပစ်တာခတ်တာတွေ ပြီးတော့ လေယာဉ်ပြန်ပြီး ခနလောက်ကြာတော့ အသံတွေ ငြိမ်သွားတယ် ” လို့ အရာတော်ဒေသခံက ပြောပါတယ်။
 
အရာတော်မြို့မြောက်ဘက်က နောင်ကြီးအိုင်ရွာဟာ ရဲစခန်းရှိတဲ့ရွာ ဖြစ်ပြီး အဲဒီရွာ အနီးတဝိုက်မှာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေ တိုက်ခိုက်ခံရတာတွေ မကြာမကြာဖြစ်လေ့ရှိပါတယ်။
 
“ အခြေအနေတွေက တင်းမာနေတာ၊ စကစ အထိုင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်တိုက်ခိုက်လို့ (လေကြောင်း) ကူပစ်ပေးတာပါ ” လို့ အရာတော်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Phoenix Defence Force တာဝန်ရှိသူတဦးက ပြောပါတယ်။
 
အရာတော်မြို့နယ်က မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ အရာတော်ပို့စ်ကတော့ နောင်ကြီးအိုင်ရဲစခန်းထဲ ခြေကုပ်ယူထားတဲ့ စစ်ကောင်စီတပ်တွေကို ကာကွယ်ရေးတပ်တွေက တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ကာ စစ်ကောင်စီက လေကြောင်းကနေ တကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေက အရာတော်-နောင်ကြီးအိုင် လမ်းကို ပိတ်ထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ နှစ်ဖက် တိုက်ပွဲနဲ့လေ ကြောင်းပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ အသေးစိတ် မသိရသေးပါဘူး။
 
ရေဦးမြို့နယ်အခြေစိုက် People’s Defense Comrade တပ်ဖွဲ့ကတော့ အရာတော်နောင်ကြီးအိုင်ရွာ လေကြောင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ အချက်သုံးဆယ်လောက် ပစ်ခတ်တာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တဦး ကျဆုံးခဲ့ပြီး နောက်ထပ် တပ်ဖွဲ့ဝင် သုံးဦး မစိုးရိမ်ရ ဒဏ်ရာတွေ ရထားတယ်လို့ ဖော်ပြထားပါတယ်။
 
ဓာတ်ပုံ – Google