ဒီပဲယင်း မြို့အဝင်ဂိတ် တိုက်ခိုက်ခံရလို့ ရဲသုံးဦးအပါအဝင် လေးဦးသေဆုံး

စက်တင်ဘာ၊ ၁၅
 
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ဖက်ရှိ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်ကို မနေ့က မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ရဲသုံးဦးအပါအဝင် လေးဦးသေဆုံးခဲ့ကာ သေနတ် လေးလက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပကဖ အဖွဲ့ဝင်တဦးက ပြောပါတယ်။
 
“ ဒီပဲယင်းမြို့အနောက်ဂိတ်ပေါ့။ စိုင်းပြင်ဖက်ထွက်တဲ့ ဂိတ်ကို ဝင်ပစ်တာပါ။ အဲဒီအဖွဲ့ကို ကျနော်တို့ ဝင်ပစ်ခဲ့တာ။ ဂိတ်ကတော့ မြို့ပြင်ထွက်နေတာမျိုးတော့ မဟုတ်ဘူး။ မြို့ထဲလောက်တော့ ကျပါတယ် ” လို့ သူကပြောပါတယ်။
 
စက်တင်ဘာလ ၁၄ ရက်၊ မနက် ၄ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်မှုကြောင့် နဘဲရွာသား ပျူစောထီးတဦး၊ ရဲတပ်ကြပ် တဦးနဲ့ ရဲတပ်သား နှစ်ဦး သေဆုံးသွားတယ်လို့ သူကဆိုပါတယ်။
 
ဒါ့အပြင် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ MA နှစ်လက် နဲ့ G-3 နှစ်လက် စုစုပေါင်း လေးလတ်နဲ့ ကျည်အိမ်၊ သေနတ်ကျည်ဆံ တချို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်ကို ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ မြို့ဝင်စစ်ဆေးဂိတ် ပစ်ခတ်ခံရလို့ လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ တဦး ပျောက်ဆုံးနေတယ်လို့သာ ဖော်ပြထားပြီး လက်နက်တွေ ဆုံးရှုံးတဲ့ကိစ္စကို ဖော်ပြတာ မတွေ့ရပါဘူး။
 
ဇူလိုင်လ ၃၀ ရက်ကလည်း အဆိုပါဂိတ်ကို ဒီပဲယင်းမြို့အခြေစိုက် ကာကွယ်တပ်ဖွဲ့ တခုဖြစ်တဲ့ Depeyin Local Mobie Team အဖွဲ့က သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဖက်က ခြောက်ဦး သေဆုံးပြီး သေနတ် လေးလက်နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ အဲဒီအဖွဲ့ ပြောခွင့်ရ ဗိုလ်သုခက ပြောပါတယ်။
 
“ အခုလက်ရှိ မြို့ထဲကို စစ်ကောင်စီတပ်တွေက သူတို့တိုက်ခိုက်ခံရပြီးနောက်ပိုင်း ကင်းတွေ ပိုချထားတာကိုတော့ တွေ့ရတယ်။ စစ်ကြောင်းထိုးတဲ့ ပုံစံတွေတော့ မရှိသေးဘူး။ ပြည်သူတွေကိုတော့ ဂရုစိုက်ပြီး သွားလာကြဖို့ ပြောချင်တယ်။ ဘာလို့လည်းဆိုတော့ အချိန်မရွေး ပစ်ခတ်မှုတွေ ရှိလာနိုင််တယ် ” လို့ သူကဆိုပါတယ်။
 
ဓာတ်ပုံ – Depeyin Local Mobile Team (ပုံဟောင်း)