စက်တင်ဘာ၊ ၁၄
ရန်ကုန်မြို့ရှိ ဂမုန်းပွင့် စျေးဝယ်ကုန်တိုက်တွေမှာ ကုန်ပစ္စည်းတွေကို ကန့်သတ်ရောင်းချနေတာ မရှိဘဲ အရင်က ကြေညာချက်အဟောင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတာသာ ဖြစ်တယ်လို့ အဲဒီကုန်တိုက် တာဝန်ရှိသူတွေက DNA ကိုပြောပါတယ်။
“ ကန့်သတ်ပြီး ရောင်းတာ မရှိပါဘူး၊ အကုန်လုံး စိတ်ကြိုက်ဝယ်လို့ ရပါတယ် ” လို့ ဂမုန်းပွင့်ကုန်တိုက် မန်နေဂျာတဦးက ပြောပါတယ်။
သောက်ရေသန့် ကလွဲလို့ တခြားကုန်ပစ္စည်းတွေကို နှစ်ခုထက်ပိုပြီး ဝယ်ယူလို့ မရတဲ့ကြောင်း ဘိုကလေးဈေး ဂမုန်းပွင့်ကုန်တိုက်ရဲ့ အသိပေးဖော်ပြချက်တခု လတ်တလောရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတာပါ။
အဲဒီအသိပေးချက်ကြောင့် ရန်ကုန်မြို့က ကုန်တိုက်တွေမှာ ကုန်ပစ္စည်းတွေကို အကန့်အသတ်နဲ့ ဝယ်ယူနေရပြီလို့ ရေးသားဖော်ပြကြတာတွေ ရှိနေသလို လူထုကြား ကုန်ပစ္စည်း အလုံအလောက် ဝယ်မရမှာ စိုးရိမ်တာမျိုးတွေလည်း ရှိနေပါတယ်။
ဒါပေမယ့် ဂမုန်းပွင့်ကုန်တိုက် တာဝန်ရှိသူတွေကတော့ အဲ့ဒီအသိပေးချက်ဟာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေအရ ဘိုကလေးဈေး ကုန်တိုက်တခုတည်းမှာ သတ်မှတ်ထုတ်ပြန်ခဲ့တာလို့ ပြောပါတယ်။
“ အရင်တုန်းက စျေးတွေ တအားတက်တဲ့အချိန် ကုန်ပစ္စည်းတွေ အများကြီး လာသိမ်းကြတယ်၊တ ယောက်တည်း အများကြီး လာဝယ်ကြတာပေါ့၊ အဲ့တုန်းက အဲလိုမဖြစ်အောင် လုပ်ခဲ့တဲ့ဟာပါ၊ အခုဟာ မဟုတ်ပါဘူး ” လို့ ဘိုကလေးဈေး ဂမုန်းပွင့်ကုန်တိုက် တာဝန်ရှိသူတဦးက ပြောပါတယ်။
အဲဒီကုန်တိုက်မှာ ဒီကနေ့ ညနေပိုင်းက ကိုယ်တိုင်စျေးဝယ်ခဲ့သူတဦးကို DNA က မေးမြန်းရာမှာလည်း ကန့်သတ်ရောင်းချနေတာ မရှိဘဲ စိတ်ကြိုက်ဝယ်ယူလို့ ရတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက ကျပ်ငွေတန်ဖိုး ကျဆင်းပြီး အမေရိကန်ဒေါ်လာဈေး သုံးဆလောက် မြင့်တက်သွားတာကြောင့် အခြေခံစားသောက်ကုန်တွေ အပါအဝင် တခြားထုတ်ကုန်တွေ အဆမတန် စျေးနှုန်း မြင့်တက်လာခဲ့ပါတယ်။
လတ်တလော လအနည်းငယ်အတွင်းမှာလည်း ကုန်ဈေးနှုန်း မြင့်တက်နေမှုကို ထိန်းချုပ်ဖို့ဆိုပြီး ဆန်နဲ့ စားသုံးဆီ တို့ကို စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်လာတာကြောင့် စားသုံးဆီကို တန်းစီဝယ်ယူရတဲ့ စနစ် ပေါ်ပေါက်နေသလို ဈေးကွက်ထဲမှာ လိုသလောက်လည်း ဝယ်ယူလို့ မရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
အဲဒီလို အခြေအနေဖြစ်နေချိန်မှာ ဘိုကလေးဈေး ဂမုန်းပွင့်ကုန်တိုက်က ရေသန့်ကလွဲလို့ တခြားကုန်စည်တွေကို အကန့်အသတ်နဲ့သာ ဝယ်ယူခွင့်ပေးတယ်ဆိုတဲ့စာ ပျံ့နှံ့လာတာကြောင့် လူမှုကွန်ရက်သုံးစွဲသူတွေကြား စိုးရိမ်မှုတွေနဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
ဓာတ်ပုံ – Gamone Pwint Shopping Mall