ပူတာအိုမှာ PDF ဖမ်းဆီးတဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူးသူ ခုနှစ်ဦးမှာ စစ်ကောင်စီဝန်ထမ်း နှစ်ဦး ပါဝင်နေ

စက်တင်ဘာ၊ ၁၄
 
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း အဓိက မူးယစ်ဆေးဝါးဖြန့်ဖြူးနေတဲ့ မူးယစ်ဂိုဏ်းကို ဖမ်းဆီးရာမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတဦးနဲ့ ဆောက်လုပ်ရေးဝန်ထမ်းတဦး အပါအဝင် ခုနှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ပူတာအို PDF အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
“ စုစုပေါင်း ခုနှစ်ဦးပေါ့။ ဂိုဏ်းစတားအဖွဲ့ပေါ့။ တချို့ကတော့ လုံခြုံရေးတွေ ပါမယ်။ အဲဒီအထဲမှာ ဂိုဏ်းခေါင်းဆောင် သုံးဦးပါမယ်။ အောင်ဆန်းလွင်က အကြီးဆုံးပဲ။ ခြေထောက်မကောင်းတဲ့ တယောက်က အချုပ်ပေါ့။ ရဲတယောက်ပါတယ်၊ ဆောက်လုပ်ရေးက တယောက်ပါတယ် ” လို့ သူကဆိုပါတယ်။
 
ဒါ့အပြင် သူတို့နဲ့အတူ အသင့်သုံး မူးယစ်ဆေးပြားတချို့ကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးစဉ်မှာလည်း အပြန်အလှန် ပစ်ခတ်မှုတွေ မရှိခဲ့တာကြောင့် လက်နက်တွေတော့ သိမ်းဆည်းမိတာ မရှိဘူးလို့ သူကပြောပါတယ်။
 
မူးယစ်ဆေးဝါး ဖြန့်ဖြူးနေသူ ခုနှစ်ဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ရင်း (၇) က ဦးစီးပြီး ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ သြဂုတ်လ ၁၉ ရက်၊ ည ကိုးနာရီအချိန်လောက်မှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
 
” စစ်တပ်က တပ်ကြပ်ကြီး တယောက်ကတော့ လွတ်သွားတယ်။ ဖမ်းတဲ့အချိန် ထွက်ပြေးသွားတယ် ” လို့ သူက ဆက်ပြောပါတယ်။
 
ပူတာအိုမြို့မှာ မူးယစ်ဆေးဝါးဖြန့်ဖြူးနေတဲ့ ကိုအောင်ဆန်းလွင်၊ ကိုခင်မောင်ဌေး၊ ကိုဘောက်စံ၊ ထင်ဆန်၊ ပီတာ(စစ်ကောင်စီရဲ)၊ Ngapusar နဲ့ Lamai Tu တို့ ခုနှစ်ဦးကို ဘူတာအိုမြို့ ဖုန်ချန်းကျေးရွာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သူကဆိုပါတယ်။
 
“ ဖုန်ချန်း ကျေးရွာပေါ့နော်။ အဲဒီမှာက ချောင်းတခုနဲ့ တံတားတခုရှိတယ်။ ဟိုဖက်ကမ်းမှာတော့ စစ်တပ်ရှိတယ်။ စစ်တပ်က ရွာစခန်းပေါ့ အဲနားမှာ ဖမ်းခဲ့တာပါ။ သူတို့အားလုံးကို ပြောရမယ်ဆိုရင် စစ်တပ်က လုံခြုံရေး ယူပေးထားတာပေါ့။ အဲဒါကို ကျနော်တို့ ခက်ခက်ခဲခဲနဲ့ ဖမ်းဆီးခဲ့ရတယ် ” လို့ သူကဆိုပါတယ်။
 
လက်ရှိမှာတော့ ဖမ်းဆီးရမိထားသူ ခုနှစ်ဦးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ လူကြီးတွေက အကြောင်းပြန်မလာသေးတဲ့အတွက် ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး ဘာဆက်လုပ်မယ်ဆိုတာအပါအဝင် အခြားအချက်အလက်တွေကိုတော့ အသေးစိတ်ထုတ်ဖော်ပြောဆိုလို့ မရသေးဘူးလို့ သူကဆက်ပြောပါတယ်။
 
“ မူးယစ်ဆေးဝါးက ပူတာအိုမှာ အများကြီးပဲ။ ဒီအဓိကတော့ စစ်တပ်က ပါဝင်ပက်သက်မှု ရှိတာပေါ့။ အဲတော့ အရမ်းလည်း ဖမ်းလို့မရဘူး။ သေချာ လူထု မေးမြန်းစုံစမ်း ဖမ်းရတောပေါ့ ။ လူထူပူးပေါင်းပါဝင်မှုကြောင့်သာ အခုလို ဖမ်းဆီးနိုင်ခဲ့တာပါ ” လို့သူကပြောပါတယ်။
 
အလားတူပဲ ပူတာအိုမြို့မှာ အခုလို မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူတွေကို KIA နဲ့အတူ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက မကြာခဏဆိုသလို ဖမ်းဆီးတာတွေ လုပ်လေ့ရှိတယ်လို့ သူကဆိုပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးတွေရဲ့ ဘေးအန္တရာယ် တားဆီးကာကွယ်ရေးကို တော်လှန်ရေး တာဝန်တရပ် အဖြစ် သတ်မှတ်လိုက်ကြောင်းကို ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါသေးတယ်။
 
ဒါကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို ကုလသမဂ္ဂ ကွန်ဗင်းရှင်းတွေက ပြဌာန်းချက်တွေအတိုင်း အကောင်အထည်ဖော်မှာ ဖြစ်သလို နိုင်ငံတကာအဖွဲ့အစည်းတွေ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ မဟာမိတ်တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ ဆိုထားပါတယ်။
 
လက်ရှိမှာလည်း စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကရင်နီ (ကယား) စတဲ့ တိုင်းနဲ့ပြည်နယ်တွေရှိ NUG အစိုးရရဲ့ထိန်းချူပ်နယ်မြေတွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေသလို လူပုဂ္ဂိုလ်တွေကို အရေးယူတာတွေအပြင် ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာတွေကိုပါ လုပ်ဆောင်နေတာပါ။
 
ဓာတ်ပုံ –