ရဲတဦး ပစ်ခတ်ခံရပြီးနောက် ရွှေပြည်သာဒေသခံတချို့ ဖမ်းဆီးခံရ၊ CCTV မှတ်တမ်းတွေကိုလည်း စစ်ဆေးနေ

စက်တင်ဘာ၊ ၁၄
 
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိတဦး မနေ့က ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီးနောက် ဒေသခံတချို့ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ ရွှေပြည်သာမြို့နယ်မှာ နေထိုင်သူတဦးက DNA ကိုပြောပါတယ်။
 
” အဲ့ဒါ (ပစ်ခတ်မှု)အပြီး စကစဘက်က ရောက်လာပြီး အဲ့နားမှာ ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်တယ်ပေါ့၊ မိုးချုပ်တဲ့ အထိပါပဲ၊ ဖမ်းဆီးခံရသူတချို့လည်း ရှိတယ် ” လို့ သူကပြောပါတယ်။
 
ဒါပေမယ့် ဘယ်သူတွေ ဖမ်းဆီးခံရတယ်၊ စုစုပေါင်း ဖမ်းဆီးခံရသူ ဘယ်နှဦးရှိတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။
 
ရွှေပြည်သာမြို့နယ်တွင်းက အခြေအနေတွေ ဖော်ပြပေးနေတဲ့ Shwe Pyi Thar Information ကလည်း ပစ်ခတ်မှုနဲ့ပတ်သက်ပြီး မနေ့ညက ဖမ်းဆီးခံရသူတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် ဒီကနေ့မှာလည်း စစ်ကောင်စီက ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ရပ်ကွက်အတွင်းမှာ ကားကြီး၊ ကားသေးတွေနဲ့ ကင်းလှည့်နေသလို လမ်းအဝင်အထွက်တွေမှာ ရှိတဲ့ CCTV မှတ်တမ်းတွေကိုလည်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က အသက် ၄၇ နှစ်ဝန်းကျင်ရှိ ရဲအုပ် အောင်သက်ထွေး ဆိုသူဟာ မနေ့က နေ့ လယ်ပိုင်းက အမှတ် (၈)ရပ်ကွက်၊ တပင်ရွှေထီးလမ်းက လက်ဖက်ရည်ဆိုင်တဆိုင်မှာ ထိုင်နေချိန် ပစ်ခတ်ခံခဲ့ရတာပါ။
 
အဲဒီရဲအုပ်ကို အမည်မသိသူနှစ်ဦးက ပန်းစည်းလာပေးတာကြောင့် လက်ခံရယူချိန်မှာ သေနတ်နဲ့ သုံးချက် ပစ်ခတ်ခံရတာလို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြကြပါတယ်။
 
သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် ရဲအုပ် အောင်သက်ထွေးဟာ ညာဘက်ရင်အုံ ကျည်ဖောက်ဝင် ဒဏ်ရာ တချက် ရခဲ့ပြီး ဒဏ်ရာပြင်းထန်တာကြောင့် မြို့နယ်ဆေးရုံကို ပို့နေချိန်မှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
 
“ ပစ်တာခတ်တာဖြစ်ပြီး ကားခေါ်တင်မှသာ သတင်းက စရတာ၊ တခြားပြည်သူတွေ ထိခိုက်တာတော့ မကြားမိဘူး ” လို့ မနေ့ကဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွှေပြည်သာဒေသခံတဦးက ပြောပါတယ်။
 
ပစ်ခတ်ခံရတဲ့ ရဲအုပ်ဟာ ကယားပြည်နယ် ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်သလို စခန်းမှူးရာထူးတိုး ဖြေဆိုထားသူလည်း ဖြစ်ပြီး ရွှေပြည်သာမြို့နယ်က မိဘတွေရဲ့နေအိမ်ကို ခေတ္တပြန်လာချိန်မှာ ပစ်ခတ်ခံရတာလို့ Shwe Pyi Thar Information က ဖော်ပြထားပါတယ်။
 
အဲဒီပစ်ခတ်မှု ဖြစ်ပြီးနောက် အခင်းဖြစ်နေရာနဲ့ ရပ်ကွက်တဝိုက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာကာ ညပိုင်းအထိ ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး တချို့ကိုတော့ ဖမ်းဆီးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီထောက်ခံ တယ်လီဂရမ်