စစ်ကောင်စီ ဦးဆောင်တဲ့ အာဆီယံလေတပ်ညီလာခံ ငါးနိုင်ငံသာ လူကိုယ်တိုင်တက်ရောက်

စက်တင်ဘာ ၊ ၁၄

အာဏာသိမ်းစစ်ကောင်စီ ဦးဆောင်ပြီး စက်တင်ဘာလ ၁၃ ရက်က  နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အကြိမ် (၂၀)ပြည့် အာဆီယံလေတပ်ဦးစီးချုပ်များညီလာခံကို အာဆီယံနိုင်ငံတွေထဲက ငါးနိုင်ငံသာ လူကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

စစ်ကောင်စီ လေတပ်အကြီးအကဲ  ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်တဲ့ အဲဒီညီလာခံကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်တို့ကသာ လူကိုယ်တိုင် တက်ရောက်ခဲ့ကြပြီး ဖီလစ်ပိုင်နဲ့ စင်ကာပူတို့ကတော့ ဗီဒီယို မက်ဆေ့ချ်သာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် အင်ဒိုးနီးရှားနဲ့ မလေးရှား နိုင်ငံတွေကတော့ အဲဒီညီလာခံကို လူကိုယ်တိုင် မတက်ရောက်ကြသလို ဗီဒီယို မက်ဆေ့ချ် ပေးပို့တာမျိုးလည်း မလုပ်ခဲ့ကြပါဘူး။

မြန်မာပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီ ဦးဆောင်မယ့် အဲဒီညီလာခံကို မတက်ရောက်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တော်လှန်ရေး အင်အားစုတွေက စက်တင်ဘာလ အစောပိုင်းကတည်းက တောင်းဆိုထားခဲ့ပါတယ်။

ဒါ့အပြင် အဲဒီညီလာခံကို ဦးဆောင်မယ့် ဗိုလ်ချုပ်ကြီး ထွန်းအောင်ဟာ အမေရိကန်နဲ့ ဗြိတိန်တို့က ပိတ်ဆို့အရေးယူခံထားရသူဖြစ်ပြီး လက်ရှိ လေတပ်ဦးစီးချုပ် ရာထူးကို လက်ခံ ရရှိတဲ့အချိန်ကနေ နိုင်ငံအနှံ့ စစ်ဘက်၊ အရပ်ဖက် မခွဲခြားဘဲ အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ရာဇဝတ်ကောင် တဦးအဖြစ် သတ်မှတ်နိုင်ကြောင်း Justice for Myanmar(JFM) က ဆိုထားပါတယ်။

ဗိုလ်ချုပ်ကြီး ထွန်းအောင် လေတပ်ဦးစီးချုပ်အဖြစ် စတင်တာဝန်ယူခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အတွင်း စစ်ကောင်စီ လေတပ်ဟာ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု ကိုးရာကျော်ပြုလုပ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း လူ ပေါင်း တထောင်နီးပါး သေဆုံးစေခဲ့တယ်လိုလည်း JFM က ပြောပါတယ်။

အခုပြုလုပ်တဲ့ လေတပ်ဦးစီးချုပ်များညီလာခံမှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ လေတပ်တွေ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပြီး (၂၁)ကြိမ်မြောက် ညီလာခံကို ဦးဆောင်မယ့် ကမ္ဘောဒီးယား လေတပ်ဦးစီးချုပ်ထံ ဥက္ကဌရာထူး လွှဲပေးခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွေကို တက်ရောက်ခွင့်မရပေမယ့် တခြားဆက်စပ်အစည်းအဝေးတွေမှာတော့ လက်ရှိအချိန်ထိ ဦးဆောင်ပါဝင်ခွင့်ရနေပါသေးတယ်။

ပြီးခဲ့တဲ့ သြဂုတ်လပထမအပတ်တုန်းကပဲ အာဆီယံကာကွယ်ရေး ဝန်ကြိီးများအစည်းအဝေး(ADMM) နဲ့ ဆွေးနွေးဖက်နိုင်ငံတွေရဲ့ ပလက်ဖောင်းဖြစ်တဲ့ ADMM-Plus ရဲ့ အစည်းအဝေးတခုကို စစ်ကောင်စီ ကာကွယ်ရေးဝန်ကြိီးကနေ ဦးဆောင်ပြီး နေပြည်တော်မှာ ကျင်းပခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်ကောင်စီက ပူးတွဲဥက္ကဌအဖြစ် ဦးဆောင်ကာ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုခေါင်းစဉ်နဲ့ ADMM-Plus အဖွဲ့ဝင်နိုင်ငံတွေ စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာလ ၂၅ ရက်ကနေ ၃၀ ရက်အထိ ရုရှားနိုင်ငံက မြို့နှစ်မြို့မှာ ကျင်းပဖို့ ရှိနေပြီး အဲဒီစစ်ရေးလေ့ကျင်မှုမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပြင် အိန္ဒိယနဲ့ တရုတ်တို့လည်း ပါဝင်ဖွယ်ရှိနေပါတယ်။