ရေဘေးသင့် ပြည်သူတွေကို ကူညီနိုင်ဖို့ လစ်ဗျား ပြိုင်ဘက် အစိုးရနှစ်ရပ် ဆွေးနွေးနေ

စက်တင်ဘာ ၊ ၁၄

ရေဘေးသင့် ပြည်သူတွေကို ထိထိရောက်ရောက် ကူညီနိုင်ဖို့အတွက် လစ်ဗျားနိုင်ငံရဲ့ စင်ပြိုင် အစိုးရ နှစ်ရပ်ကြားမှာ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

လစ်ဗျားနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသက ဒါနာမြို့မှာ အခုသီတင်းပတ်ထဲ ဆည်ကျိုးပေါက်ရာက ဆိုးဆိုးရွားရွား ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၅၃၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒေသခံတွေ သိန်းနဲ့ချီ အရေးပေါ် ရွှေ့ပြောင်းခဲ့ရပြီး ပျောက်ဆုံးသူ ဦးရေ ၁၀၀၀၀ လောက်ထိ များပြားနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

လစ်ဗျားမှာ အာဏာရှင် မူအမ်မာ ကဒါဖီ ဦးဆောင်တဲ့ အစိုးရ ပြုတ်ကျသွားပြီးတဲ့နောက် နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့သလို လောလောဆယ် အရှေ့နဲ့ အနောက် နှစ်ခြမ်းကွဲပြီး မတူညီတဲ့ အစိုးရတွေက အုပ်ချုပ်နေပါတယ်။

လစ်ဗျားနိုင်ငံ အရှေ့ပိုင်းမှာ ဝန်ကြီးချုပ် အိုဆာမာ ဟာမက် ဦးဆောင်ပြီး ရွေးကောက်ခံ အမတ်တွေ စုဖွဲ့ထားတယ်ဆိုတဲ့ အစိုးရက အုပ်ချုပ်နေပြီး ဒါနာမြို့က အဲဒီ အစိုးရ ဩဇာအောက်မှာ ရှိနေပါတယ်။ ဒါပေမဲ့ တကယ်တမ်း လစ်ဗျားအရှေ့ပိုင်းကို စိုးမိုးထားတာက လစ်ဗျား အမျိုးသားတပ် (LNA)ခေါင်းဆောင် သဘောထား တင်းမာသူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခါလီဖာ ဟက်ဖ်တာဖြစ်ပြီး ဟာမက်ကတော့ သူ့ရဲ့ ရုပ်သေးရုပ်လို့ သတ်မှတ်နိုင်ပါတယ်။

လစ်ဗျားနိုင်ငံ အနောက်ပိုင်းက ထရီပိုလီ မြို့တော်မှာတော့ ကုလသမဂ္ဂ အသိအမှတ်ပြု ဝန်ကြီးချုပ် အက်ဘ်ဒူ ဟာမစ် ဒီဒစ်ဘာ ဦးဆောင်တဲ့ အစိုးရ ရုံးထိုင်နေပါတယ်။ အလွယ်သဘောနဲ့ အဲဒီ စင်ပြိုင်အစိုးရတွေကို အရှေ့လစ်ဗျား အစိုးရနဲ့ အနောက်လစ်ဗျား အစိုးရလို့ ခေါ်ဝေါ်လေ့ ရှိပါတယ်။

 ဒါနာမှာ ဆိုးရွားလှတဲ့ သဘာဝ ကပ်ဘေးနဲ့ ကြုံတွေ့ချိန်မှာတော့ ပြိုင်ဘက် အစိုးရ နှစ်ရပ်ဟာ သဘောထား ကွဲလွဲမှုတွေကို ယာယီ ဘေးဖယ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ စတင် ညှိနှိုင်းနေကြောင်း ကုလသမဂ္ဂ အရာရှိ တဦးက အတည်ပြုခဲ့ပါတယ်။

အစိုးရ နှစ်ရပ်စလုံးကလည်း နိုင်ငံတကာ အသိုက်အဝန်းဆီ ဆက်သွယ်ပြီး ရေဘေးသင့် ပြည်သူတွေအတွက် အကူအညီတွေ တောင်းခံပေးနေတယ်လို့ ဆိုပါတယ်။

ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့ရဲ့ တာဝန်ရှိသူ တဦးကလည်း အနောက်လစ်ဗျား အစိုးရဟာ သူတို့ဆီ ဆက်သွယ်လာပြီး ရေဘေးသင့် ပြည်သူတွေကို ကူညီရေးကိစ္စ အရှေ့လစ်ဗျား အစိုးရနဲ့ ဆွေးနွေးနိုင်ရေးအတွက် စေ့စပ်ပေးဖို့ မေတ္တာရပ်ခံခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ အစိုးရ နှစ်ရပ်ကြား ကယ်ဆယ်ရေး ကိစ္စတွေနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်းဆိုင်ရာ စေ့စပ်မှုတွေ စတင်နေပြီ ဖြစ်ပေမယ့် အပြီးသတ် သဘောတူညီမှုတွေ ရရှိလာမလား ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ ကုလသမဂ္ဂကတော့ ကယ်ဆယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ အထမြောက်စေဖို့ လစ်ဗျား အစိုးရ နှစ်ရပ်စလုံးကို လေးလေးနက်နက် တိုက်တွန်း တောင်းဆိုထားကြောင်း သိရပါတယ်။