ကလေးမြို့နယ်မှာ လူငယ်အမျိုးသမီးတဦး လုယက်သတ်ဖြတ်ခံရ

စက်တင်ဘာ၊ ၁၃

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ အသက်နှစ်ဆယ်လူငယ် အမျိုးသမီးတဦး အလုပ်သွားဖို့ဆိုင်ကယ်နဲ့အိမ်က ထွက် သွားရာက လုယက်သတ်ဖြတ်ခံလိုက်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။

ကလေးမြို့တောင်ဘက် သာစည်ရွာမှာနေထိုင်တဲ့ အသက်နှစ်ဆယ်အရွယ် မကျော့ကျော့ဝင်းဆိုသူဟာ စက်တင် ဘာ ၁၀ရက် နေ့လယ်ပိုင်းက အလုပ်သွားဖို့အတွက် နေအိမ်ကနေ ဆိုင်ကယ်နဲ့ထွက်သွားရာက ဆိုင်ကယ်ရော၊ လူ ပါ ပျောက်ဆုံးသွားတာလို့ ဆိုပါတယ်။

အဲ့ဒီနောက် ဆိုင်ကယ်ကိုပြန်ရှာတွေ့ပေမယ့် မကျော့ကျော့ဝင်းကတော့ လုယက်သတ်ဖြတ်ခံလိုက်ရပြီး အလောင်း ကိုလည်း သာစည်ရွာနဲ့ လေးမိုင်ဝန်းကျင်အကွာက မြစ်သာမျောထဲ ဖျောက်ဖျက်လိုက်တာကြောင့် ဒီကနေ့အထိ ပြန်မတွေ့သေးဘူးလို့သိရပါတယ်။

လုယက်သတ်ဖြတ်သူဟာမကျော့ကျော့ဝင်းရဲ့ အကိုနှစ်ဝမ်းကွဲတော်စပ်သူနဲ့ နောက် ထပ် အမျိုးသားတဦးတို့ ဖြစ် တယ်လို့ သေဆုံးသူမိသားစုနဲ့ နီးစပ်သူကပြောပေမယ့် အသေးစိတ်အခြေအနေ တွေကို တော့ ပြောပြဖို့ ငြင်းဆန် ပါတယ်။

“သူ့အကိုဝမ်းကွဲက ရွှေတွေနဲ့ဆိုင်ကယ်ပေါ့၊ပိုက်ဆံလိုချင်လို့ လုပ်လိုက်တာ၊သတ်ခံလိုက်ရတာက ညနေလေးနာရီ မှာ သတ်ပြီးမြစ်ထဲမျှောလိုက်တာ၊ပျောက်တော့ လိုက်ရှာရင်းနဲ့သူ့အစ်ကိုဝမ်းကွဲက လုပ်တယ်ဆိုတာသိလို့ အခု ရဲစခန်းမှာဖမ်းထားတယ်”လို့ မိသားစုနဲ့နီးစပ်ကပြောပါတယ်။

မကျော့ကျော့ဝင်းကို လုယက်သတ်ဖြတ်ခဲ့တယ်လို့ဆိုကာ ကလေးမြို့မရဲစခန်းမှာဖမ်းဆီးခံထားရတဲ့ အမျိုးသား နှစ်ဦးဟာ မူးယစ်ဆေးစွဲနေသူတွေဖြစ်တယ်လို့လည်း သူကပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ DNA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။

လက်ရှိအချိန်ဟာ မိုးတွင်းကာလဖြစ်သလို မြစ်သာမြစ်ကလည်းရေစီးသန်တာကြောင့် သေဆုံးသူရဲ့ရုပ် အလောင်း ကို ပြန်တွေ့ရဖို့ ခက်ခဲတယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

 “မနေ့ကရောဒီနေ့ရောတနေ့လုံးရှာနေတာမတွေ့ဘူး၊မနက်ကလည်းအလောင်းတွေ့တယ်ဆိုလို့သွားရှာတာ မတွေ့ဘူး”လို့ သူကပြောပါတယ်။