လဝက်ကြာ ပျောက်ဆုံးနေတဲ့ မအူပင်က ကလေးနှစ်ဦးရန်ကုန်မှာ ချုပ်နှောင်ခံထားရတာ ဖြစ်နေ

စက်တင်ဘာ၊ ၁၃

ဧရာဝတီတိုင်း မအူပင်မြို့နယ်က ဆယ်ကျော်သက် ယောက်ကျားလေးနှစ်ဦးကို အမည်မသိသူတဦးက ဖမ်းခေါ် သွားကာ ရန်ကုန်မြို့မှာလဝက်ကြာ ချုပ်နှောင်ခံခဲ့ရတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့မိသားစုဝင်တွေက DNA ကို ပြောပါတယ်။

“သူတို့သတိရတဲ့အချိန်မှာအိမ်တလုံးရဲ့ ဂိုထောင်ထဲမှာ သူတို့ကို ဖမ်းထားတာ၊ နှစ်ယောက်လုံးကိုတိုင်မှာကြိုး ချည် ထားတယ်တဲ့၊ အဲဒီလိုလေးရက်၊ငါးရက်မှတခါထမင်းလာကျွေးတယ်တဲ့၊နှစ်ပတ်ကျော်တယ်ပေါ့နော်၊ ၁၁ ရက်နေ့ မ နက်မှာ ချည်ထားတဲ့ ကြိုးကိုတိုင်နဲ့ ပွတ်ရင်းနဲ့ ကြိုးပြတ်တော့ သူတို့ ထွက်ပြေးလာတာ” လို့ မိသားစုဝင်တဦးက DNA ကို ပြောပါတယ်။

အဲ့ဒီကလေးနှစ်ဦးဟာဘုရင့်နောင်ကုန်းကျော်တံတားအနီးကဂိုထောင်တလုံးထဲဖမ်းဆီးချုပ်နှောင်ခံခဲ့ကြရပြီးထွက်ပြေးလွတ်မြောက်လာချိန်မှာဘုရားဝန်းတခုထဲဝင်ရောက်ပုန်းခိုနေရင်းက အနီးအနားမှာရှိနေသူတွေအကူအညီနဲ့ မိသားစုဆီ ဆက်သွယ်လာတာလို့ ဆိုပါတယ်။

“ဂိုထောင်ထဲမှာ သူတို့နှစ်ဦးကိုပဲ ကြိုးနဲ့ချည်ထားတာ၊ စောင့်ကြည့်နေတဲ့ သူလည်း မရှိဘူး၊ သူတို့က ကြိုးပြတ် သွားတော့၊ ဂိုထောင်ကလည်း အထဲဘက်ကနေ သော့ခတ်ထားတာ၊ အဲဒါတွေ့တဲ့ သံချောင်းနဲ့ရိုက်ဖြတ်ပြီး ထွက် ပြေးလာတာ”လို့ အဆိုပါမိသားစုဝင်ကပြောပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ လူငယ်နှစ်ဦးကိုပြန်တွေ့ရှိချိန်မှာ ရိုက်နှိက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်မျိုး မတွေ့ရ ပေမယ့် ပိန်လှီချို့တဲ့နေပြီးစိုးရိမ်ကြောက်လန့်နေကြတယ်လို့ဆိုပါတယ်။

“သူတို့က ဘာမှသိပ်ပြီး မမှတ်မိဘဲ တခုခုမေးရင် ကြောက်နေတာ၊ ပြီးတော့ တော်တော်ပိန်သွားတယ်” လို့ သူ ကပြောပါတယ်။

မအူပင်မြို့နယ် အိုင်ဝိုင်းအုပ်စု၊ ဆိတ်ကြီးစုကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဇင်မင်းထိုက်နဲ့ မောင်ဟိန်းပိုင်တို့နှစ်ဦးဟာ ဩဂုတ်လ ၂၇ ရက် မနက်ပိုင်းက မအူပင်မြို့ပေါ်ကို သရေပင်ဝယ်ဖို့ စက်ဘီးတစီးနဲ့ ထွက်သွားရာကပျောက်ဆုံးသွားကြတာပါ။

အဲ့ဒီဆယ်ကျော်သက် ကလေးနှစ်ဦးကို မိသားစုဝင်တွေက ရှာဖွေနေကြချိန် စက်တင်ဘာ ၁၁ရက်မှာ ရန်ကုန်မြို့ ကနေမိသားစုတွေဆီဆက်သွယ်တာကြောင့် ဘုရင့်နောင်လမ်းဆုံအနီးကို သွားခေါ်ခဲ့ရ တာလို့ ဆိုပါတယ်။

သူတို့နှစ်ဦးဟာမအူပင်မြို့ပေါ်မှာသားရေပင်ဝယ်ပြီး ပြန်လာအချိန်မှာ အသက် ၆၀အရွယ် အမျိုးသားတဦးက မောင်ဟိန်းပိုင်ကို ရေသန့်ဗူးအဖုံးဖွင့်ပေးဖို့အကူအညီတောင်းရာက နှစ်ဦးလုံး အဲ့ဒီအမျိုးသားနောက်ပါသွား ကြတာ လို့ မိသားစုဝင်ကပြောပါတယ်။

ဒီအခြေအနေကို မိသားစုဝင်တွေက “တို့ဆေးမိတာ”လို့ သုံးနှုံးကြပါတယ်။နိုင်ငံအနှံ့မှာ လိမ်လည်လုယက်သူတွေနဲ့ အနီးကပ်ထိတွေ့မိရာက အသိစိတ်ပျောက်ဆုံးပြီး လုယက်ခံရတာ၊လိမ်လည်ခံရတာတွေဖြစ်လေ့ရှိပြီး ဒီအခြေ အနေကို “တို့ဆေး”မိတယ်လို့ သုံးနှုံးကြတာတွေရှိပါတယ်။

ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဒါဟာ မူးယစ်ဆေးအပျော့စားတမျိုးမျိုးထိုးသွင်းခံလိုက်ရတာလို့ ရှင်းလင်းပြောဆိုထားပါတယ်။

လက်ရှိမှာတော့ကလေးနှစ်ဦးကို ခေါ်သွားတဲ့ အမျိုးသားကိုဖမ်းဆီးရမိရေးအတွက် မအူပင်မြို့မရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတယ်လို့သိရပါတယ်။