မုံရွာထောင်တွင်း နိုင်/ကျဉ်းတွေရဲ့ အစာငတ်ခံသပိတ်တိုက်ပွဲ အောင်မြင်

စက်တင်ဘာ၊ ၁၃
 
စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား (နိုင်/ကျဉ်း)တွေရဲ့ အစာငတ်ခံဆန္ဒပြမှုကို ထောင်အာဏာပိုင်တွေက တောင်းဆိုချက်တွေ အားလုံးကို လိုက်လျောပေးခဲ့တဲ့အတွက် အောင်မြင်စွာ ပြီးဆုံးသွားတယ်လို့ မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့မှ သိရပါတယ်။
 
“ ထောင်တွင်းတိုက်ပွဲ အောင်မြင်သွားတယ်လို့ သိရတယ်။ သူတို့ (အကျဉ်းထောင်) ဖက်က တောင်းဆိုချက်တွေ အားလုံးကို လိုက်လျောလိုက်တယ်လို့ ကြားတယ် ” လို့ အဲဒီအဖွဲ့မှ အဖွဲ့ဝင် ကိုရှင်းသန့်က ပြောပါတယ်။
 
အကျဉ်းသားတဦးကို ခွင့်ပြုပေးထားတဲ့ စာအုပ် သုံးအုပ်စီ သိမ်းဆည်းသွားတာကို ပြန်ပေးရန်၊ ခွင့်ပြုပေးထားတဲ့ ပုံံစံသုံး စုံစီ သိမ်းဆည်းသွားတာကို ပြန်လည်ပေးအပ်ရန်၊ စားအိုးစားခွက်နဲ့ အစားအသောက်များကို ပြန်ပေးရန် အပါအဝင် အကျဉ်းသားတဦးကို ခွင့်ပြုထားတဲ့ စာဆယ်စောင်နဲ့ ဓာတ်ပုံဆယ်ပုံကို ပြန်လည်ပေးအပ်ရန် စတဲ့အချက် လေးချက်ကို တောင်းဆိုခဲ့ကြတာပါ။
 
နိုင်ငံရေးအကျဉ်းသားတွေရဲ့ အဲဒီလို အစာငတ်ခံဆန္ဒပြမှု ခြောက်ရက်အကြာမှာပဲ အကျဉ်းထောင်အာဏာပိုင်တွေက တောင်းဆိုမှုတွေကို လိုက်လျောပေးခဲ့တာကြောင့် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ကြတာပါ။
 
စက်တင်ဘာလ ၈ ရက်၊ မနက်ပိုင်းက မုံရွာထောင်အတွင်းကို ရဲ၊ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်ခဲ့ပြီး အကျဉ်းသားတွေကို ထောင်ဖက်က ခွင့်ပြုပေးထားတဲ့ အစားအသောက်တွေနဲ့ အသုံးအဆောင်တွေကို သိမ်းဆည်းခဲ့တာပါ။
 
စစ်ကောင်စီတပ်တွေရဲ့ ရှာဖွေရေး ခေါင်းစဉ်တပ်ပြီး သိမ်းဆည်းသွားခဲ့တဲ့ ပစ္စည်းတွေကို ပြန်လည်ရရှိဖို့အတွက် အဲဒီနေ့ နေ့ခင်းပိုင်းမှာ နိုင်ငံရေး အကျဉ်းသား ၁၄ ဦးက စတင်ပြီး အစာငတ်ခံ ဆန္ဒပြခဲ့ကြတာပါ။
 
တောင်းဆိုမှုတွေကို ထောင်အာဏာပိုင်တွေက လိုက်လျောမှု မရှိတဲ့အပြင် ဆန္ဒပြတဲ့ နိုင်ငံရေး အကျဉ်းသား တချို့ကို တိုက်ပိတ်တာတွေနဲ့ ဖိနှိပ်တာတွေပါ ထပ်မံလုပ်ဆောင်လာတဲ့အတွက် အခြား နိုင်/ကျဉ်းတွေပါ ဆန္ဒပြမှုမှာ ပူးပေါင်းပါဝင်လာကာ အင်အား ငါးဆယ်ကျော်လောက်အထိ ဖြစ်ခဲ့ပါတယ်။
 
ဓာတ်ပုံ – Social Media