ရန်ပုံငွေ ခြောက်ဆယ်ရာခိုင်နှုန်းကျော် လျှော့ချခံရလို့ အခက်ကြုံနေကြောင်း WFPပြော

စက်တင်ဘာ၊ ၁၃

ရန်ပုံငွေ ပမာဏ အများအပြား ဖြတ်တောက်လျှော့ချ ခံရခြင်းကြောင့် ကမ္ဘာတလွှားက လူသားချင်း စာနာမှု လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခက်အခဲတွေ အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအမံ (WFP)က ပြောကြားခဲ့ပါတယ်။

အလှူရှင် နိုင်ငံတွေဆီက ထောက်ပံ့ငွေတွေဟာ ၆၀ ရာခိုင်နှုန်းကျော်လောက် လျော့ကျသွားတဲ့အတွက် ကမ္ဘာပေါ်မှာ ဆာလောင်မွတ်သိပ်မှုဒဏ် အခံရဆုံး လူ့အဖွဲ့အစည်းတွေဆီ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပို့ဆောင်နိုင်ဖို့ အကျပ်တွေ့နေတယ်လို့ ကုလသမဂ္ဂရဲ့ ထောက်ပံ့ရေး အေဂျင်စီက ပြောပါတယ်။

ထောက်ပံ့ငွေ ၁ ရာခိုင်နှုန်း လျော့ကျတိုင်း လူဦးရေ ၄ သိန်းလောက်ကို အငတ်ဘေးဆီ တွန်းပို့သလို ဖြစ်နေနိုင်တာကြောင့် အခုအခြေအနေအရ လူပေါင်း ၂၄ သန်းလောက် ငတ်မွတ်ခေါင်းပါးမှုတွေ ကြုံလာမှာကို စိုးရိမ်နေရကြောင်းလည်း WFPက သတိပေးခဲ့ပါတယ်။

အီတလီနိုင်ငံ၊ ရောမမြို့ အခြေစိုက် အဖွဲ့အစည်းကြီးရဲ့ နှစ်ပေါင်း ၆၀ ကြာ သမိုင်းကြောင်းတလျှောက် အခုနှစ်လိုမျိုး ရန်ပုံငွေ ရရှိမှု တဟုန်ထိုး ကျဆင်းပြီး အကူအညီ လိုအပ်မှုတွေ တရကြမ်း တိုးတက်လာတဲ့ အခြေအနေမျိုး ဘယ်တုန်းကမှ မကြုံဖူးသေးဘူးလို့ ဆိုပါတယ်။

ရန်ပုံငွေ အခြေအနေအရ WFPဟာ အခုနှစ်ထဲမှာ အဖွဲ့အစည်းရဲ့ လုပ်ငန်းစဉ် တဝက်လောက်ကို မဖြစ်မနေ ရပ်တန့်ထားရပါတယ်။ အဲဒီထဲမှာ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ ဆိုမာလီယာနဲ့ ဟေတီ နိုင်ငံတွေထဲက စားနပ်ရိက္ခာ ကျပ်တည်းမှု အဆိုးဆုံး နယ်မြေတွေက မစ်ရှင်တွေလည်း အပါအဝင် ဖြစ်ပါတယ်။

လက်ရှိ အနေအထားကို ပြောင်းလဲမပစ်နိုင်ဘူးဆိုရင် လာမယ့်နှစ်မှာ အငတ်ဘေးကို ဆိုးဆိုးရွားရွား ကြုံရမယ့် ကမ္ဘာ့လူဦးရေ ၂၄ သန်းလောက် တိုးလာနိုင်တယ်လို့ WFPက ဆိုပါတယ်။ WFPရဲ့ အမှုဆောင် ဒါရိုက်တာ စင်ဒီ မက်ကိန်းက ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ အနေနဲ့ မျက်မှောက်ကာလမျိုးမှာ ထောက်ပံ့ငွေ လှူဒါန်းမှုတွေကို လျှော့ချမယ့်အစား တိုးမြှင့်ပေးနေသင့်တယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

နောက်ထပ် ပျက်စီးရာ ပျက်စီးကြောင်း အခြေအနေတွေကို ရှောင်လွှဲနိုင်ဖို့အတွက် လိုအပ်တဲ့ အထောက်အပံ့ကို မရဘူးဆိုရင် ကမ္ဘာကြီးမှာ ပဋိပက္ခတွေ၊ ဆူပူမှုတွေ၊ ငတ်မွတ်မှုတွေ ပိုတိုးလာဦးမယ်ဆိုတာ သံသယရှိဖို့ မလိုဘူးလို့ သူက ဆိုပါတယ်။ အခုအချိန်မှာ ကမ္ဘာကြီးရဲ့ မတည်ငြိမ်မှုတွေကို မီးစာမြှင့်ပေးမလား၊ မီးငြှိမ်းမလား ဆိုတာကို ရွေးရတော့မယ်လို့လည်း မက်ကိန်းက ပြောပါတယ်။

နောက်ပြီး လက်ရှိ လမ်းကြောင်းအတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ WFPရဲ့ Doom loopဆိုတဲ့ စံနှုန်းကို စတင် အသက်သွင်းရဖွယ် ရှိတယ်လို့ ဆိုပါတယ်။ Doom loop အဆင့်မှာတော့ WFPဟာ ငတ်မွတ် ခေါင်းပါးမှုဒဏ် အဆိုးတကာ့ အဆိုးဆုံး ခံနေရသူ အနည်းအကျဉ်းကိုသာ ကူညီပေးနိုင်တော့မှာဖြစ်ပြီး ကျန်တဲ့ အကူအညီ လိုအပ်နေသူတွေကို မဖြစ်မနေ မျက်ကွယ်ပြုထားရမယ်လို့ မက်ကိန်းက သတိပေးသွားခဲ့ပါတယ်။

 

Ref: AFP