စက်တင်ဘာ၊ ၁၂
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)တပ်ဖွဲ့စတင်တည်ထောင်တာနဲ့ပတ်သက်လို့ NUG ကာကွယ် ရေးဝန်ကြီး၊ယာယီသမ္မတ တို့နဲ့ကြိုတင်ဆွေးနွေးညှိနှိုင်းခဲ့ပြီးဖြစ်တယ်လို့ ဗိုလ်နဂါးကပြောထားပေမယ့် NUG ဘက် ကတော့ အဲ့ဒီအချက်ကိုပယ်ချလိုက်ပါတယ်။
ဗိုလ်နဂါးနဲ့ NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်၊ယာယီသမ္မတ ဒူဝါလရှီးလတို့ အွန်လိုင်းကနေတွေ့ဆုံ ဆွေးနွေး ရာမှာစစ်ဒေသအလိုက် COC(Chain Of Command)မှာပါဝင်ဆောင်ရွက်ဖို့၊NUG ရဲ့မြေပြင်အုပ်ချုပ်ရေး၊ကာကွယ် ရေးယန္တရားတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ တော်လှန်ရေးအလွန်ကာလပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ ကိုလက်ခံဖို့ စတဲ့အချက်တွေကိုသာဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇောကဒီကနေ့ ထုတ်ပြန်လာတာပါ။
အဲ့ဒီအချက်တွေကလွဲလို့ တခြားဆွေးနွေးချက်၊သဘောတူညီချက်တစုံတရာမရှိခဲ့ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒီလိုဖော်ပြလာတာဟာ ဗိုလ်နဂါးဘက်က လူသိရှင်ကြားပြောဆိုထားတာနဲ့ကွဲလွဲနေပါတယ်။
စစ်ကိုင်းတိုင်းပုလဲနယ်အခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ကိုဦးဆောင်ခဲ့တဲ့ ဗိုလ်နဂါးက အခု လ ဆန်းမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ကိုစတင်တည်ထောင်တယ်လို့ကြေညာခဲ့ပါတယ်။
အဲ့ဒီတပ်ဖွဲ့တည်ထောင်တာနဲ့ ပတ်သက်လို့ ဗိုလ်နဂါးက အွန်လိုင်းကနေ ရှင်းလင်းပြောဆိုရာမှာ NUG ခေါင်း ဆောင်တွေနဲ့ ကြိုတင်ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ထည့်ပြောခဲ့ပါတယ်။
NUG ကာကွယ်ရေးဦးရည်မွန်နဲ့လူချင်းတွေ့ဆုံဆွေးနွေးခဲ့သလို ယာယီသမ္မတဒူဝါလရှီးလနဲ့လည်း အွန်လိုင်းကနေ ဆွေးနွေးခဲ့တယ်လို့ ဗိုလ်နဂါးကပြောခဲ့တာပါ။
“ကျွန်တော်တို့ standard army ပုံစံ သေချာ ဖွဲ့စည်းပြီးတော့ NUGအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ လက်တွဲ လုပ်သွားနိုင်ဖို့ ပူးပေါင်း လုပ်ဆောင်မယ်ဆိုတဲ့ ဒီကြေညာချက်တွေလည်း ထုတ်ဖို့ဆွေးနွေးကတိပြုခဲ့ကြပြီးတော့ လုပ်ဆောင်လာတဲ့အဖွဲ့အစည်းလည်းဖြစ်တယ်”လို့ ဗိုလ်နဂါးကဆိုပါတယ်။
ဒါပေမယ့် NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူကတော့ အဆိုပါသုံးဦးတွေ့ဆုံဆွေးနွေးမှုအတွင်း BNRA ကိစ္စကို ထည့်သွင်းပြောဆိုခဲ့ကြတာမရှိဘူးလို့ မစ္ဈိမသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာပြောပါတယ်။
NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူနဲ့ ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရသူတို့ဆီ DNA က ဆက်သွယ်မေး မြန်း ဖို့ကြိုးစားပေမယ့်အဆက်အသွယ်မရသေးပါဘူး။
NUG ဘက်က အဲ့ဒီလိုထုတ်ပြန်လာပေမယ့် ဗိုလ်နဂါးကတော့ အခုလိုထုတ်ပြန်တာဟာ ပြောရေးဆိုခွင့်ရှိသူနဲ့ ယာယီသမ္မတ ဒူဝါလရှီးလတို့ကြားနားလည်မှုလွဲတာဖြစ်နိုင်တယ်လို့ DNAကိုပြောပါတယ်။
“ဦးကျော်ဇောအနေနဲ့ကလည်း အစောတလျင် ထုတ်ပြန်မိလိုက်တာမျိုးဖြစ်မယ်၊သမ္မတကြီးနဲ့သူ ဒီကိစ္စကို ပြေ ပြေလည်လည်မဆွေးနွေးခဲ့လို့ ဖြစ်မယ်” လို့ ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် – BNRA စစ်ဦးစီးချုပ် ဗိုလ် နဂါးကဆိုပါတယ်။
NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကတော့ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့အကြောင်းအရာတွေအပေါ် ပြည်သူတွေ တိတိကျကျသိစေချင်လို့ အခုလို ထုတ်ပြန်တာလို့ မစ္ဈိမသတင်းဌာနနဲ့သီးသန့်မေးမြန်းခန်းမှာ ပြောပါ တယ်။
“ပြည်သူတွေအနေနဲ့ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကိုသိရှိအောင်လို့ တိတိကျကျပြောကြားဖို့အတွက် ကျွန်တော့် အနေနဲ့သတင်းထုတ်ပြန်ရတာဖြစ်ပါတယ်၊အမြင်မှားတာမရှိအောင်လို့ အတွက်ဖြစ်ပါတယ်”လို့ ဦးကျော်ဇောက ပြောပါတယ်။