ငါန်းဇွန်မှာ ဒေသခံ ခြောက်ဆယ်ကျော်ကို စစ်ကောင်စီတပ် ဖမ်းဆီးစစ်ဆေး

စက်တင်ဘာ၊ ၁၂

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၁ ရက်က ကျေးရွာနှစ်ရွာက ဒေသခံ ၆၁ ဦးကို ဖမ်းဆီးပြီး စစ်ဆေးမှုတွေပြုလုပ်နေ တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဆီကသိရပါတယ်။

“ လက်ပံသာရွာကနေ ပထမ ၁ရဦးကိုဖမ်းပြီး အောင်သုခရွာကို လူသားဒိုင်းအဖြစ်ခေါ်သွားပြီး စစ်ကြောင်းထိုးတယ်။ အောင်သုခကနေ လေးဦးထပ်ဖမ်းလာပြီး လက်ပံသာကိုပြန်လာတယ်။ လက်ပံသာက လူလေးဆယ်ကိုထပ်ဖမ်းတယ်။စုစုပေါင်းခြောက်ဆယ်ကျော်ပေါ့ “လို့ ငါန်းဇွန် ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူက ပြောပါတယ်။

သကျင်ရွာက ထွက်လာတဲ့ အင်အား တရာကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာစက်တင်ဘာလ ၁၁ ရက်၊ မနက်ပိုင်းမှာလက်ပံသာ ၊အောင်သုခ၊ရက္ခဒီပနဲ့လင်္ကာဒီပ စတဲ့ ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲ စစ်ကြောင်းထိုးလာတာပါ။

အဲဒီလိုစစ်ကြောင်းထိုးလာစဉ် ဒေသခံ ၆၁ ယောက်ကို ဖမ်းဆီးခဲ့ပြီး မနေ့ကညနေမှာ  လက်ပံသာရွာက စစ်ကောင်စီတပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းမှာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ လက်ပံသာရွာက ၅၇ ယောက်နဲ့ အောင်သုခ ရွာက လေး ယောက်တို့ဖြစ်ပြီး ကျား၊မ အရေအတွက်အသေးစိတ်ကိုတော့ အတည်ပြုလို့မရသေးဘူးလို့ ငါန်းဇွန်းပကဖ ကတာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းကြောင့် အောင်သုခ၊ရက္ခဒီပ၊လင်္ကာဒီပ ၊ရေလည်သောင်၊လက်ပံသာ၊အောင်သာမြောက်ကျွန်းနဲ့ ကံသာ စတဲ့ကျေးရွာတွေက ဒေသခံထောင်ချီဘေးလွတ်ရာကို စစ်ဘေးတိမ်းရှောင်နေရတာပါ။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်ကလည်း သကျင်ကျေးရွာက ဒေသခံ ငါးဆယ် ကျော်ကိုဖမ်းဆီး ပြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် စက်တင်ဘာလ ၆ ရက်မှာ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။