သုံးဆယ်မြို့မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာ အစားဝင်သူ ထပ်မံပစ်သတ်ခံရ

စက်တင်ဘာ၊ ၁၂
 
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးကို မနေ့က ညနေပိုင်းမှာ ပစ်ခတ်ခဲ့ပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ သာယာဝတီ ဂဠုန်တပ်ဖွဲ့ တာဝန်ရှိတဦးက DNA ကို ပြောပါတယ်။
 
“ အရင်အုပ်ကြီးရဲ့နေရာမှာ နေတဲ့ အုပ်ချုပ်ရေးမှူးပေါ့ဗျာ၊ အစားဝင်တဲ့ အုပ်ကြီးမပေါ့၊ သူ့ကို လမ်းမှာ ရှင်းလိုက်တာ၊ ဒီအုပ်ကြီးမက တော်တော်ဆိုးလွန်းလို့ ” လို့ သူကပြောပါတယ်။
 
ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူဟာ သုံးဆယ်မြို့ စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင် ဆိုသူဖြစ်ပြီး မနေ့က ညနေ ခြောက်နာရီလောက်က စစ်ကောင်စီရဲ့ သာယာဝတီအခြေစိုက် ခလရ (၃၅) တပ်ရင်းအနီးမှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
 
အဲဒီအုပ်ချုပ်ရေးမှူးကို ခလရ (၃၅) တပ်ဝန်းဘေး တပ်ရှောင်လမ်းမပေါ်မှာ သေနတ်နဲ့ သုံးချက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
 
အသက် ငါးဆယ်အရွယ် ရပ်ကွက်အုပ်ချုပ်ရေးရေးမှူး ဒေါ်သိမ့်သိမ့်လွင်ဟာ စစ်တပ်အမာခံ ထောက်ခံသူတဦး ဖြစ်သလို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်တယ်လို့ သာယာဝတီ ဂဠုန်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် သေဆုံးသူဟာ အထွေထွေရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ရှုံးနိမ့်ခဲ့ပြီးကတည်းက အာဏာသိမ်းဖို့ ဆော်ဩခဲ့သလို အာဏာသိမ်းပြီးချိန်မှာလည်း ဆန္ဒပြသူတွေကို ဖမ်းဆီးခိုင်းတာတွေ လုပ်တာကြောင့် အခုလို ပစ်ခတ်ခဲ့တာလို့ သာယာဝတီဂဠုန်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
ဒေါ်သိမ့်သိမ့်လွင်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့တော့ DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သုံးဆယ်မြို့တွင်းမှာ ပိုက်စစ်တိုက် ရှာဖွေစစ်ဆေးမှုတွေ လုပ်နေသလို ဒေသခံအချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
 
ဒေါ်သိမ့်သိမ့်လွင်မတိုင်မီ စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဦးထွန်းထွန်းကိုလည်း သာယာဝတီဂဠုန်တပ်ဖွဲ့ကပဲ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းမှာ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာပါ။
 
စစ်ကောင်စီဘက်က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် လက်ရှိအထိ ကျေးရွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၈၅၀ နီးပါး တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Social Media