ရုရှားမှာ ပူတင်နဲ့ ကင်ဂျုံအန်း တွေ့ဆုံမယ့် ကိစ္စကို နှစ်နိုင်ငံ အစိုးရတွေ အတည်ပြု

စက်တင်ဘာ၊ ၁၂

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ဟာ ရုရှားနိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ကြောင်း နှစ်နိုင်ငံ အစိုးရတွေက အသီးသီး ကြေညာချက်ထုတ်ပြန် အတည်ပြုခဲ့ပါတယ်။

ဆွေးနွေးမှု အကြောင်းအရာနဲ့ အချိန်တွေ၊ နေရာတွေအကြောင်း တိတိကျကျ မကြေညာသေးပေမယ့် လွန်ခဲ့တဲ့ တပတ်လောက် ကတည်းက အမေရိကန် အစိုးရက ပူတင်ဟာ ယူကရိန်း စစ်ပွဲအတွက် လိုအပ်တဲ့ လက်နက်ကြီး ကျည်တွေကို မြောက်ကိုရီးယားဆီက ဝယ်ယူနိုင်ရေး ဆွေးနွေးဖို့ ကင်ကို ဖိတ်ခေါ်လိမ့်မယ်လို့ ဟောကိန်း ထုတ်ထားပါတယ်။

ကင်ဟာ ပြုံယမ်းမြို့တော်ကနေ သူ့ရဲ့ အထူးစီမံထားတဲ့ သံချပ်ကာ ရထားနဲ့ ထွက်ခွာခဲ့ပြီး အခုအခါ ရုရှားကို ရောက်နေပြီလို့ ဆိုပါတယ်။ သူနဲ့ ပူတင်တို့ဟာ ရုရှားနိုင်ငံ အရှေ့ပိုင်းက ဗလာဒီဗိုစတော့မြို့မှာ တွေ့ဆုံ ဆွေးနွေးပြီး အရေးပါတဲ့ လက်နက် အရောင်းအဝယ် စာချုပ်ကို အတည်ပြု လက်မှတ်ရေးထိုးမယ်လို့ ယူဆရပါတယ်။

ကင်ဟာ ၂၀၁၉ ခုနှစ်တုန်းကလည်း အဲဒီမြို့မှာ ပူတင်နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။ မြောက်ကိုရီးယား အစိုးရရဲ့ KCNA သတင်းဌာနက ကင်ဟာ အာဏာရ အလုပ်သမားပါတီ ခေါင်းဆောင်တွေ၊ စစ်ဘက် အရာရှိတွေ၊ အစိုးရ အဖွဲ့ဝင်တွေ ခြံရံပြီး ရုရှားနိုင်ငံဆီ ထွက်ခွာသွားကြောင်း သတင်းထုတ်ပြန်ပါတယ်။ ရုရှား အစိုးရဖက်ကလည်း ပြည်တွင်းကို လာရောက်မယ့် ကင်ရဲ့ ခရီးစဉ်အကြောင်း အတည်ပြုခဲ့ပါတယ်။

ကင်နဲ့ ပူတင်တို့ တွေ့ဆုံကြမယ့် ကိစ္စဟာ ယူကရိန်း အတွက်ရော၊ အမေရိကန် ဦးဆောင်တဲ့ အနောက်မဟာမိတ် နိုင်ငံတွေ အတွက်ပါ စိုးရိမ်စရာ အခြေအနေတွေ ဖြစ်လာပါတယ်။ KCNAကတော့ ကင်ဟာ ပူတင်ရဲ့ ဖိတ်ကြားချက်အရ ခရီးထွက်ခွာခဲ့တာဖြစ်ပြီး မကြာခင် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ ဆွေးနွေးမယ်လို့ ခပ်တိုတို ဖော်ပြထားပါတယ်။

ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကလည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ကိုယ်စားလှယ် အဖွဲ့အသီးသီးကို ဦးဆောင် ဆွေးနွေးမှာ ဖြစ်သလို ကဏ္ဍအလိုက် လိုအပ်ချက်တွေအရ သီးခြား ဆွေးနွေးမှုတွေလည်း ရှိလာနိုင်တယ်လို့ ပြောပါတယ်။ ဆွေးနွေးမှုတိုင်းဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို အဓိက ဦးတည်မှာ ဖြစ်တယ်လို့လည်း ပက်စ်ကော့ဗ်က ဆိုပါတယ်။

အမေရိကန်ကတော့ ရုရှားဟာ ယူကရိန်း စစ်ပွဲမှာ လက်နက်ကြီးကျည်တွေနဲ့ အမြောက်ဆန်တွေ အများအပြား အသုံးပြုခဲ့ရပြီး လက်နက်တိုက် ခန်းခြောက်လာနေတဲ့အတွက် မြောက်ကိုရီးယားဆီက ခဲယမ်းမီးကျောက်တွေ ဝယ်ယူနိုင်ရေး အပူတပြင်း ကြိုးစားနေတဲ့အတွက် ပူတင်က ကင်နဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့တာလို့ ပြောကြားထားပါတယ်။

 

Ref: AFP