စက်တင်ဘာ၊ ၁၂
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်လျှောက်ကျေးရွာ အနီးမှာမနေ့က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေ ထိတွေ့တိုက်ပွဲ ဖြစ်ပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ပစ်ကူပေး တိုက်ခိုက်ခဲ့ပါတယ်။
“ သူတို့ (စစ်ကောင်စီ)ဘက်က ထိခိုက်ကျဆုံးမှုတော့ ရှိတာပေါ့နော်။ လေးယောက်လောက်တော့ ကျဆုံးနိုင်တယ်။ အဲ့ဒါကို သူတို့ ရှေ့ဆက်တိုးမရတော့ Mi-35 (တိုက်ခိုက်ရေးရဟတ်ယာဉ်) နဲ့ လာတာပေါ့။ တနာရီကျော်လောက် လေကြောင်းပစ်ကူ လုပ်ပေးသွားတာ ” လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တာဝန်ရှိသူ ကိုဇော်ထက်က ပြောပါတယ်။
အင်အား ရှစ်ဆယ်ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၁၁ ရက်၊ မနေ့က နေ့လည် ၁၂ နာရီခန့်မှာ ပုလဲမြို့အနောက်ဖက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ရှစ်ဖွဲ့ခွဲကာ တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းကို နွယ်လျှောက်ကျေးရွာ နဲ့ ကျွန်းဘိုရွာ အနီးမှာ မကြာခင်က ဖွဲ့စည်းထားတဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ခြုံခိုတိုက်ခိုက်ခဲ့လို့ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
အဲဒီလို တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဟာ အထိနာခဲ့တာကြောင့် နေ့လယ် ၁ နာရီလောက်မှာ လေကြောင်းကနေ တနာရီကျော်ကြာ ပစ်ကူပေးခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းကြောင့် ရွာသာ၊ လိန်ကုန်း၊ ကံကြီး၊ ညောင်ကုန်း၊ ဖိုကုန်း၊ မန်ကျီးခွ၊ ကျွန်းဖိုကုန်း၊ ကံပေါက်၊ ဇောင်ဂျမ်းကုန်း၊ မြကုန်း ရွာတို့ ယာယီစစ်ဘေးရှောင်ခဲ့ရပြီး လှော်ကား၊ နွယ်ရှောက်၊ ကုက္ကိုကုန်းနဲ့ အင်ကြင်းစုရွာ စတဲ့ကျေးရွာတွေက ဒေသခံထောင်နဲ့ချီပြီး အရေးပေါ် စစ်ရှောင်ခဲ့ရပါတယ်။
ဓာတ်ပုံ – MM Military